ရေငုပ်သင်္ဘောမှ ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်ရန် မြောက်ကိုရီးယား ပြင်ဆင်နေဖွယ်ရှိ

ရေငုပ်သင်္ဘောမှ ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်ရန် မြောက်ကိုရီးယား ပြင်ဆင်နေဖွယ်ရှိ
Photo Creadit - မြောက်ကိုရီးယားမှ ၂၀၁၉ ခုနှစ်က ဒုံးပျံစမ်းသပ်နေစဉ်။ Photo - EPA

စက်တင်ဘာ ၅

မြောက်ကိုရီးယားက သင်္ဘောကျင်းတစ်ခုအား ရိုက်ကူးထားသော ဂြိုဟ်တုပုံများအရ ရေငုပ်သင်္ဘောပေါ်မှ တာလတ်ပစ်ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်ရန် ပြင်ဆင်နေသည်ဟု ယူဆရဖွယ်ရှိကြောင်း အမေရိကန်ပညာရှင်အဖွဲ့ တစ်ရပ်က သောကြာနေ့တွင် ပြောသည်။

မြောက်ကိုရီးယား၊ ဆင်ပိုသင်္ဘောကျင်းကို ရိုက်ကူးထားသော ပုံများကို မဟာဗျူဟာနှင့် နိုင်ငံတကာ သုတေသနစင်တာက ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။ ထို ပုံများတွင် သင်္ဘောအချို့ကို ရိုက်ကူးထားခြင်းဖြစ်ကာ ယင်းအနက် တစ်စီးမှာ ရေငုပ်သင်္ဘော စမ်းသပ်မှုတွင် ဆွဲယူခဲ့သော သင်္ဘောနှင့် ဆင်တူသည်။

သင်္ဘောကျင်းမှ လှုပ်ရှားမှုများအရ ရေငုပ်သင်္ဘောမှနေ၍ Pukguksong-3 ပဲ့ထိန်းဒုံးကျည်ကို ပစ်လွှတ်စမ်းသပ်ရန် ပြင်ဆင်နေပုံရသည်ဟု ယူဆရသော်လည်း ကောက်ချက်တော့ မချနိုင်ကြောင်း ယင်း ပညာရှင်အဖွဲ့က ပြောသည်။

မြောက်ကိုရီးယားနိုင်ငံသည် ပြည်ပကို ထိန်းချုပ်နိုင်ရန်နှင့် ကိုယ်ပိုင်ကာကွယ်ရေးစွမ်းရည် မြင့်မားရေးတို့အတွက် ပင်လယ်ပြင်မှနေ၍ ရေငုပ်သင်္ဘောပေါ်မှ ပစ်လွှတ်သော ပဲ့ထိန်းဒုံးကျည်သစ် SLBM အမျိုးအစား Pukguksong – 3 ကို အောက်တိုဘာလအတွင်း အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့သည်။

အဆိုပါ ပစ်လွှတ်မှုသည် နျူကလီးယားလက်နက်နှင့် ဒုံးကျည်စီမံကိန်းများနှင့် ပတ်သက်ပြီး အမေရိကန်နှင့် ဆွေးနွေးပြောဆိုခဲ့ပြီးနောက်ပိုင်း အဆိုးဆုံး ရန်စသည့် လုပ်ရပ်အဖြစ် အကဲဖြတ်များက ရှုမြင်ကြသည်။

မြောက်ကိုရီးယားသည် ၂၀၁၇ ခုနှစ်မှစပြီး တာဝေးဒုံးကျည်များနှင့် နျူကလီးယားစမ်းသပ်မှုများကို ရပ်ဆိုင်းထားခြင်းဖြစ်သော်လည်း ၎င်း၏ နျူကလီးယားနှင့် ဒုံးကျည်စီမံကိန်းများ စွန့်လွှတ်ရေး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဦးဆောင်သော ကြိုးပမ်းအားထုတ်မှုများက ခြေလှမ်းအနည်းငယ်သာ ရောက်သည်။

ယခု ရေငုပ်သင်္ဘောပေါ်မှ ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်ရန် မြောက်ကိုရီးယားက ပြင်ဆင်နေဖွယ်ရှိသည်ဆိုသော သတင်းနှင့် ပတ်သက်ပြီး ပင်တဂွန်က ချက်ချင်းထင်မြင်ချက် ပေးခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly