ရွေးကောက်ပွဲကို တရုတ်က အကြီးစားနှောင့်ယှက်ရန် အစီအစဉ်ရှိထားဟု ထရမ့်၏ အကြံပေး ပြော

ရွေးကောက်ပွဲကို တရုတ်က အကြီးစားနှောင့်ယှက်ရန် အစီအစဉ်ရှိထားဟု ထရမ့်၏ အကြံပေး ပြော

စက်တင်ဘာ ၅

အမေရိကန်ရွေးကောက်ပွဲအား ကြားဝင်နှောင့်ယှက်ရန် ကြိုးပမ်းနေသည့် နိုင်ငံများကြားတွင် တရုတ်က အတက်ကြွဆုံး အခန်းကဏ္ဍ၌ ရှိနေသည်ဟု အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ရောဘတ်အိုဘရိုင်ယန်က ပြောသည်။

တရုတ်နိုင်ငံသည် ပြည်တွင်း နိုင်ငံရေးတွင် ဩဇာလွှမ်းမိုးမှု ရရန် အကြီးစား စီမံချက်လည်း ရှိထားသည်ဟု ၎င်းက အသေးစိတ်အချက်အလက် မထုတ်ပြန်ဘဲ သောကြာနေ့က ပြောခဲ့သည်။

“တရုတ်က အတက်ကြွဆုံး အခန်းကဏ္ဍမှာ ရှိနေတယ်ဆိုတာ ကျွန်တော်တို့ သိထားတယ်။”ဟု သတင်းစာရှင်းလင်းပွဲ၌ အိုဘရိုင်ယန်က သတင်းထောက်များအား ပြောသည်။

အမေရိကန်နိုင်ငံရေးတွင် ဩဇာလွှမ်းမိုးရန် တရုတ်၌ အစီအစဉ် အကြီးမားဆုံး ရှိထားပြီး ယင်းနောက်တွင် အီရန်နှင့် ရုရှတို့ ရှိသည်ဟု ၎င်းက ဆိုသည်။

ရုရှနိုင်ငံသည် ၂၀၁၆ သမ္မတရွေးကောက်ပွဲတုန်းက ရီပတ်ဘရီကန်မှ ဒေါ်နယ်ထရမ့် အလေးသာအောင် ဆိုင်ဘာကမ်ပိန်း လုပ်ဆောင်ခဲ့ကြောင်း အမေရိကန် ထောက်လှမ်းရေးက တွေ့ရှိထားသည်။ လာမည့် နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲတွင် ဩဇာလွှမ်းမိုးနိုင်ရေးအတွက် ဟက်ကာများက ကြိုးစားဖွယ် ရှိနေသည်ဟုလည်း ဆိုသည်။

၂၀၁၆ ရွေးကောက်ပွဲ၌ ကြားဝင်နှောင့်ယှက်ခဲ့ခြင်း မရှိဟု ရုရှက ငြင်းဆန်ထားသည်။

“တရုတ်၊ ရုရှ၊ အီရန်နဲ့ အခြားနိုင်ငံတွေကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း သိစေချင်တာက အမေရိကန်ရွေးကောက်ပွဲမှာ ကြားဝင်နှောင့်ယှက်တဲ့ ကြိုးစားမှုတွေဟာ ကြီးမားတဲ့ နောက်ဆက်တွဲတွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာ ပါပဲ။”ဟု အိုဘရိုင်ယန်က ပြောသည်။

ရွေးကောက်ပွဲ ကြားဝင်စွက်ဖက်မှုတွင် တရုတ်က ရုရှထက် ပို၍ ခြိမ်းခြောက်နေသည်ဟု ယုံကြည်ကြောင်း ထရမ့် ခန့်အပ်သည့် ရှေ့နေချုပ် ဝီလီယံဘားကလည်း ဗုဒ္ဓဟူးနေ့က ပြောခဲ့သည်။

အမေရိကန် ရွေးကောက်ပွဲအခြေခံ အဆောက်အအုံများကို တရုတ်ဟက်ကာများ ပစ်မှတ်ထားနေသည်ကိုလည်း မြင်တွေ့သိရှိခဲ့ရသည်ဟု အိုဘရိုင်ယန်က ဩဂုတ်လအတွင်းကလည်း ပြောထားခဲ့သည်။

အမေရိကန်ကုမ္ပဏီများ၊ နိုင်ငံရေးသမားများနှင့် အစိုးရဌာနများကို ဟက်ကာလုပ်ဆောင်နေသည်ဆိုသော အမေရိကန်၏ စွပ်စွဲချက်များကို တရုတ်က ဆက်တိုက်ငြင်းဆန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly