ပါလက်စတိုင်းအုပ်စုတွေ လက်ဘနွန်မှာ တွေ့ဆုံပြီး အရှေ့အလယ်ပိုင်းအစီအစဉ်ကို ကန့်ကွက်ကြောင်း ပြသ

By AFP
04 September 2020
ပါလက်စတိုင်းအုပ်စုတွေ လက်ဘနွန်မှာ တွေ့ဆုံပြီး အရှေ့အလယ်ပိုင်းအစီအစဉ်ကို ကန့်ကွက်ကြောင်း ပြသ

စက်တင်ဘာ ၄

အစ္စရေးနဲ့ ယူအေအီးအကြား သံတမန်ဆက်ဆံရေး ပုံမှန်ဖြစ်မှုဆိုင်ရာ အမေရိကန်ထောက်ခံပံ့ပိုးထားတဲ့ သဘောတူညီချက်တစ်ခုအပေါ် ကန့်ကွက်ကြောင်း သဘောထားကို ထင်ရှားစေဖို့အတွက် ပါလက်စတိုင်းဂိုဏ်း အုပ်စုတွေဟာ စက်တင်ဘာ ၃ ရက်က လက်ဘနွန်မှာ တွေ့ဆုံပြီး ၎င်းတို့ရဲ့စုစည်းညီညွတ်မှုကို အများထံ ရှားရှားပါးပါး ပြသခဲ့ကြပါတယ်။

“ကျွန်တော်တို့ နာမည်နဲ့ တစ်ယောက်ယောက်က ပြောဆိုနေတာတွေကို ကျွန်တော်တို့ လက်မခံနိုင်ပါဘူး၊ အဲဒါကို ကျွန်တော်တို့ ဘယ်တော့မှ ခွင့်ပြုသွားမှာမဟုတ်ပါဘူး” လို့ ပါလက်စတိုင်းသမ္မတ မာမွတ် အာဘတ်စ်က အနောက်ဘက်ကမ်းမြို့ Ramallah မှာ ကျင်းပတဲ့ အစည်းအဝေးမှာ ပြောကြားခဲ့ပြီး ဒီလိုပြောကြားမှုကို ဘေရွတ်မြို့ ပါလက်စတိုင်းသံရုံးမှာ တပြိုင်နက်တည်း ကျင်းပတဲ့ အစည်းအဝေးတစ်ရပ်ကို ဗီဒီယိုကွန်ဖရင့်စနစ်နဲ့ တိုက်ရိုက်လွှင့်ခဲ့ပါတယ်။

“အစ္စရေးနဲ့ စေ့စပ်ညှိနှိုင်းမှုတွေအတွက် အမေရိကန်က တစ်ဦးတည်းသော ညှိနှိုင်းစေ့စပ်သူဖြစ်နေတာကို ကျွန်တော်တို့ ဘယ်တော့မှ လက်ခံမှာမဟုတ်ဘူး၊ သူ့ရဲ့ အစီအစဉ်ကိုလည်း ကျွန်တော်တို့ လက်ခံမှာမဟုတ်ပါဘူး” လို့ အာဘတ်စ်က ပြောပါတယ်။

ဒါ့အပြင် ဝါရှင်တန်ရဲ့ မဟာဗျူဟာရဲ့ ထိပ်တိုက်တွေ့နေချိန် ပါလက်စတိုင်းတွေ စည်းလုံးညီညွတ်မှု ရှိဖို့ကိုလည်း အာဘတ်စ်က တိုက်တွန်းဆော်သြသွားခဲ့ပါတယ်။

ဒါဟာ ၂၀၁၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အဓိက ဖာတာပါတီနဲ့ အနောက်ဘက်ကမ်းအခြေစိုက် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ ခေါင်းဆောင် အာဘတ်စ်နဲ့ အစ္စလမ္မစ် ဟားမားစ် ခေါင်းဆောင် အစ္စမေးလ် ဟာနီယာတို့အကြား အစည်းအဝေး လုပ်ခဲ့တာဖြစ်ပြီး အခန်းတစ်ခန်းတည်းမှာ လုပ်တာမဟုတ်ဘဲ အွန်လိုင်းပေါ်ကနေ တွေ့ဆုံစည်းဝေးခဲ့တာဖြစ်ပါတယ်။

အလားတူ ဟာနီယာကလည်း ဘေရွတ်ကနေ ဗီဒီယိုကွန်ဖရင့်စနစ်ကနေတဆင့် ညီညွတ်တဲ့ တပ်ဦးတစ်ခု ထူထောင်ဖို့ တောင်းဆိုသွားခဲ့ပါတယ်။

 “ကျုပ်တို့ဟာ အမျိုးသား စည်းလုံးညီညွတ်မှုကို ပြန်လည် ထိန်းသိမ်းထားရှိရပါမယ်၊ သဘောကွဲလွဲမှုတွေ အဆုံးသတ်ပြီး ညီညွတ်တဲ့ ပါလက်စတိုင်း ရပ်တည်ချက်တစ်ခု ထူထောင်ပြီး ကျု့ပ်တို့ ပြည်သူတွေကို ဆန့်ကျင် ရည်ရွယ်နေတဲ့ ပရောဂျက်တွေကို ရင်ဆိုင်သွားရပါမယ်” လို့ ဟားမားစ် ခေါင်းဆောင်က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly