အထက်လူကြီးများ၏ ဆုံးဖြတ်ချက်အပေါ် ကျေနပ်ကြောင်း ဦးအယ်လ်ဖောင်းရှို တုံ့ပြန်

အထက်လူကြီးများ၏ ဆုံးဖြတ်ချက်အပေါ် ကျေနပ်ကြောင်း ဦးအယ်လ်ဖောင်းရှို တုံ့ပြန်

စက်တင်ဘာ ၃

ကယားပြည်နယ်ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခံခဲ့ရသည့် ဦးအယ်လ်ဖောင်းရှိုက အထက်အကြီးအကဲအားလုံး၏ ဆုံးဖြတ်ချက်အပေါ် ကျေနပ်ကြောင်း သူ၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်လိုက်သည်။

ငွေကြေးအလွဲသုံးစားမှု၊ တာဝန်မကျေပွန်မှုတို့အပါအဝင် စွပ်စွဲပြစ်တင်မှုများဖြင့် ပြည်နယ်လွှတ်တော်၏ ဝန်ကြီးချုပ်အဖြစ်က တာဝန်မှရပ်စဲခြင်းကို ပြည်ထောင်စုအစိုးရသမ္မတ ဦးဝင်းမြင့်က အတည်ပြုသည့်အမိန့်စာထွက် ပေါ်လာပြီးနောက် ဝန်ကြီးချုပ်ဟောင်းက တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

" ဒီနေ့မှာ ဒီလိုအခြေအနေဖြစ်လာတဲ့အပေါ်မှာလည်း ကျွန်တော့်အနေနဲ့ အားလုံးအပေါ်နားလည်ပါတယ်။
ကျွန်တော့်ကိုချစ်တဲ့သူတွေက ဝမ်းနည်းကြသလို၊ မုန်းသူ များကလည်း လက်ခုပ် သြဘာပေးနေကြမှာပါ။ သို့ပေမဲ့ ကျွန်တော့်အနေနဲ့ အထက်အကြီး အကဲအားလုံးရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ ကျေနပ်ပါတယ်။" ဟု သူ၏ စာတွင် ပါရှိသည်။

ဦးအယ်လ်ဖောင်းရှို က" ဒီကာလ တစ်လျှောက် ကျွန်တော့်ကို ချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်းဆောင် ရွက်ပေးခဲ့ကြတယ်" ဟု ဆိုကာ  ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များကို ကျေးဇူးတင်ကြောင်းလည်း ရေးသားထားသည်။
 
 ကယားပြည်နယ်အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ်အဖြစ် ပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဦးဘော့စ်ကို အား ခန့်အပ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly