ရွှေကုက္ကိုလ် စီမံကိန်းတွင် တပ်မတော်ပါဝင်မှုကို စုံစမ်းစစ်ဆေးပေးရန် တောင်းဆို

ရွှေကုက္ကိုလ် စီမံကိန်းတွင် တပ်မတော်ပါဝင်မှုကို စုံစမ်းစစ်ဆေးပေးရန် တောင်းဆို
 ရွှေကုက္ကိုမြို့သစ် စီမံကိန်း နမူနာပုံစံ (ဓာတ်ပုံ - Myanmar Yatai International Holding Group)

စက်တင်ဘာ၊   ၃၊  ၂၀၂၀

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ကရင်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ရာဒေသအတွင်းရှိ ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းတွင် တပ်မတော်၏ ပါဝင်မှုကို စုံစမ်းစစ်ဆေးရန် ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက် (KPSN) က တောင်းဆိုလိုက်သည်။

ဟောင်ကောင်တွင် စီမံကိန်း မှတ်ပုံတင်ထားသော Myanmar Yatai International Holding Group Co.,Itd က ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းကို တရုတ်အစိုးရ၏ “ခါးပတ်တစ်ကွင်း လမ်းတစ်စင်း” အစီအစဉ် အစိတ် အပိုင်းအဖြစ် ပြောဆိုမှုမှာ မဟုတ်မှန်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ဩဂုတ်လ ၂၅ ရက် ထုတ်ပြန်ချက်အပေါ် ထောက်ခံကြောင်း၊ ရွှေကုက္ကိုလ်ကို ကာစီနိုအပန်းဖြေမြို့နှင့် အွန်လိုင်းလောင်းကစား နိဗ္ဗာန်ဘုံအဖြစ် တင်စားသော Myanmar Yatai ကုမ္ပဏီ ရင်းနှီးမြှုပ်နှံသူများ၏ လှုံ့ဆော်ကြေညာမှုများကို တရုတ်သံရုံးက တရားမဝင်လောင်းကစားများအပေါ် ခိုင်မာစွာဆန့်ကျင်ကြောင်း သဘောထားရပ်တည်မှုအတွက် ထပ်လောင်း အသိအမှတ်ပြုကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက်၏ စက်တင်ဘာလ ၃ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရွှေကုက္ကိုလ်စီမံကိန်းကို မြန်မာနိုင်ငံ ဥပဒေပြင်ပမှ နည်းလမ်းများဖြင့် အကောင်အထည်ဖော်နိုင်အောင် လုပ်ဆောင်နေမှုများနှင့် ပတ်သက်၍ တပ်မတော်၏ လမ်းညွှန်မှုအောက်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန အပါအဝင် အဆင့် တိုင်းတွင် တပ်မတော်၏ ပါဝင်မှု အခန်းကဏ္ဌအား စုံစမ်းစစ်ဆေးရန်နှင့် ပွင့်လင်းမြင်သာမှု အပြည့်အဝဖြင့် စုံစမ်းစစ်ဆေးရန် ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

မကြာသေးမီက ဖွဲ့စည်းလိုက်သော အစိုးရ၏ စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် COVID-19 ကြောင့် နယ်စပ်ဒေသများတွင် တင်းကျပ်စွာ ဆက်လက်ပိတ်ဆို့ခံထားရသော ကာလကို မျက်ကွယ်ပြုပြီး ရွှေကုက္ကိုလ်တွင် ဆောက်လုပ်ရေး လုပ်ငန်းများ အပြည့်အဝ ဆက်လက်လုပ်ဆောင်နေကာ ကာစီနိုလုပ်ငန်းများလည်း လည်ပတ်နေသည်။

အစိုးရအနေဖြင့် စီမံကိန်းကို စုံစမ်းစစ်ဆေးမှုများအပေါ် သဘောထားမှန်ကန်ပါက ဆက်လက် လုပ်ဆောင်နေသော ဆောက်လုပ်ရေးလုပ်ငန်းများ ဆိုင်းငံ့ရေး၊ စီမံကိန်းဒေသအတွင်း လောင်းကစားလုပ်ငန်းများနှင့် အခြား တရားမဝင် လုပ်ငန်းများ ရပ်တန့်ရန် လမ်းညွှန်မှုများကို ချက်ချင်းလုပ်ဆောင်ရန် ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက်က တောင်းဆိုထားသည်။

ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းကို တရုတ်လုပ်ငန်းစု Yatai ကုမ္ပဏီနှင့် BGF ၏ ချစ်လင်းမြိုင် ကုမ္ပဏီတို့ ပူးပေါင်းကာ Myanmar Yatai International Holding Group Co.,Itd အမည်ဖြင့် ဆောက်လုပ်နေပြီး ကာစီနိုကစား ဝိုင်းများလည်း လည်ပတ်နေသည်။

ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းကို မြေ ၂၅ ဧကကျော်ပေါ်တွင် ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၂၂ သန်းကျော်ဖြင့် အဆင့်မြင့်လုံးချင်းအိမ်ယာများ တည်ဆောက်ရန်သာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) က ခွင့်ပြုပေးထားသော်လည်း သတ်မှတ်ချက် ကျော်လွန်ဆောက်လုပ်မှုများ၊ လောင်းကစားဝိုင်းများ ဖွင့်လှစ်ထားခြင်းများ ရှိနေသည်။

 ရွှေကုက္ကိုလ် မြို့သစ်စီမံကိန်း စုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့ဖွဲ့ထားပြီး ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဒုတိယဝန်ကြီး ဦးတင်မြင့်က ဥက္ကဋ္ဌဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly