ကိုဗစ်-၁၉ ကာကွယ်ဆေးကို အောက်တိုဘာနှောင်းပိုင်း၌ ဖြန့်ချိနိုင်ရေး ပြင်ဆင်ရန် CDC တိုက်တွန်း

ကိုဗစ်-၁၉ ကာကွယ်ဆေးကို အောက်တိုဘာနှောင်းပိုင်း၌ ဖြန့်ချိနိုင်ရေး ပြင်ဆင်ရန် CDC တိုက်တွန်း

စက်တင်ဘာ ၃

အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးဌာန (CDC) သည် အလားအလာရှိသော ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ရောဂါပြင်းထန်သည့်လူနာများအတွက် အောက်တိုဘာလနှောင်းပိုင်းတွင် ဖြန့်ဝေနိုင်ရေး ပြင်ဆင်ရန် ကျန်းမာရေးတာဝန်ရှိသူများကို တောင်းဆိုခဲ့သည်။  

အမေရိကန်တွင် လူပေါင်း ၁၈၀ ၀၀၀ ထက်မနည်း သေဆုံးစေခဲ့သော ကိုဗစ်-၁၉ ရောဂါကို တားဆီးရန်အတွက် ကာကွယ်ဆေးထုတ်လုပ်ရန် ဘီလီယံပေါင်းများစွာသုံးစွဲမည်ဟု ကတိပြုခဲ့ပြီးနောက် သမ္မတဒေါ်နယ်ထရမ့်သည် နိုဝင်ဘာရွေးကောက်ပွဲတွင် ပြန်လည်အရွေးခံရရေးကြိုးပမ်းနေစဉ် ကာကွယ်ဆေးရနိုင်မည့်အချိန်သည် နိုင်ငံရေးအရအရေးပါချိန်နှင့် ဘက်ပြိုင်လျက်ရှိသည်။  

CDC သည် မြို့ကြီး ငါးမြို့နှင့်ပြည်နယ် ၅၀ မှ တာဝန်ရှိသူများနှင့်  စီမံမှုသတင်းအချက်အလက်ဆိုင်ရာများကို ဆက်သွယ်ဆောင်ရွက်ခဲ့သည်ဟု New York Times က အစောပိုင်းတွင် ဖော်ပြခဲ့သည်။  

ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ Anthony Fauci က ကိုဗစ်-၁၉ ကာကွယ်ဆေးစမ်းသပ်မှုခံယူနေကြသော လူနာစာရင်းနှုန်းအပေါ် အခြေခံလျက် နိုဝင်ဘာ သို့မဟုတ် ဒီဇင်ဘာလတွင် စမ်းသပ်မှုဆိုင်ရာ အချက်အလက် များ အလုံအလောက်ရနိုင်လိမ့်မည်ဟု ဗုဒ္ဓဟူးနေ့က MSNBC ရုပ်သံဌာနကို ပြောကြားခဲ့သည်။  

New York Times က အွန်လိုင်း၌တင်ခဲ့သော စာရွက်စာတမ်းများအရ CDC သည် အောက်တိုဘာနှောင်းပိုင်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်မျိုး သို့မဟုတ် နှစ်မျိုးကို အရေအတွက် အကန့်အသတ်ဖြင့် ရနိုင်ရန် ပြင်ဆင် နေကြောင်း သိရသည်။

ကျန်းမာရေးဝန်ထမ်းများ၊ အမျိုးသားလုံခြုံရေးဝန်ထမ်းများ၊ ဘိုးဘွားစောင့်ရှောက်ရေးဂေဟာနေသူများနှင့် ထိုဂေဟာမှဝန်ထမ်းများ အပါအဝင် စိုးရိမ်ရဿည့် အဖွဲ့များကို  ပထမဦးဆုံးအနေဖြင့် ကာကွယ်ဆေးများ အခမဲ့ ထောက်ပံ့သွားမည်ဟု ဆိုသည်။

ပြီးခဲ့သည့်သုံးလအတွင်း နိုင်ငံပေါင်း ၁၉ နိုင်ငံတွင် ပြုလုပ်ခဲ့သော ကနဦးစစ်တမ်းအရ ဗြိတိန်နှင့်အမေရိကန်မှ တုံ့ပြန်ဖြေဆိုသူ ၇၀ % ကသာလျှင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရနိုင်လျှင် အသုံးပြုမည်ဟု ဖြေဆိုခဲ့ကြောင်း  Business Partners to Convince အဖွဲ့ပူးတွဲတည်ထောင်သူ Scott Ratzan က ပြောသည်။  

Moderna Inc ၊ AstraZeneca Plc နှင့် Pfizer Inc အပါအဝင် ဆေးဝါးကုမ္ပဏီများသည် ဘေးကင်းပြီးထိရောက်သော ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်လုပ်ရန် ကြိုးပမ်းလျက်ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly