ရုရှားအတိုက်အခံခေါင်းဆောင်သည် Novichok အဆိပ်သင့်ခဲ့ခြင်း ဖြစ်ဟု ဂျာမနီဝန်ကြီးချုပ် ပြော

ရုရှားအတိုက်အခံခေါင်းဆောင်သည် Novichok အဆိပ်သင့်ခဲ့ခြင်း ဖြစ်ဟု ဂျာမနီဝန်ကြီးချုပ် ပြော

စက်တင်ဘာ ၃

ရုရှားအစိုးရအပေါ် ဝေဖန်သူ အတိုက်အခံခေါင်းဆောင် နိုင်ငံရေးသမား အလက်ဇီ နာဗယ်လ်နီသည် ဆိုဗီယက်ခေတ်စတိုင် Novichok ဓာတုအဆိပ်ခတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျလာ မာကယ်လ်က စက်တင်ဘာ ၂ ရက်တွင် ထုတ်ဖော်လိုက်သည်။

လက်ရှိတွင် ဘာလင်မြို့ ဆေးရုံတစ်ရုံ၏ အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေရသော ရုရှားအတိုက်အခံနိုင်ငံရေးသမား နာဗယ်လ်နီကို အာရုံကြောထိခိုက်စေသော Novichok အဆိပ်ဖြင့် သတ်ရန် ကြိုးပမ်းခဲ့မှု တစ်ခု ရှိခဲ့ခြင်းပင် ဖြစ်ကြောင်း မာကယ်လ်က ပြောသည်။

လက်ရှိအချိန်တွင် ယင်းကိစ္စနှင့်ပတ်သက်၍ မော်စကိုအစိုးရဘက်က ကိုယ်တိုင်ကိုယ်ကျ ရှင်းလင်းချက် ပေးရန် ဘာလင်အစိုးရဘက်က မျှော်လင့်ထားသည်ဟု မာကယ်လ်က ပြောသည်။

ထို့ပြင် ယခုကိစ္စအတွက် ရုရှားအပေါ် မည်သို့မည်ပုံ တုံ့ပြန်မည် ဆိုသည်နှင့်ပတ်သက်၍ ဂျာမနီအနေဖြင့် ယင်း၏ နေတိုးအုပ်စု မဟာမိတ်များနှင့် တိုင်ပင်မည်ဖြစ်ကြောင်း၊ ရုရှားအပေါ် အနောက်အုပ်စု၏ ဆန်ရှင်သစ်များ ပေါ်လာနိုင်သည့် အလားအလာရှိကြောင်း ဂျာမနီဝန်ကြီးချုပ်က ပြောသွားခဲ့သည်။

သို့သော် အတိုက်အခံခေါင်းဆောင် နာဗယ်လ်နီ၏ ဖြစ်စဉ်တွင် ၎င်းတို့ ပါဝင်ပတ်သက်ခဲ့ခြင်းမရှိဟု မော်စကိုအစိုးရက ပြောထားသည်။

ထို့ပြင် နာဗယ်လ်နီ Novichok အဆိပ်သင့်သည်ဆိုသည့် ဂျာမနီ၏ ပြောကြားချက်ကလည်း သက်သေအထောက်အထား မရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သွားခဲ့သည်။

Novichok အဆိပ်သည် လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်က ရုရှားသူလျှိုဟောင်းတစ်ဦးနှင့် ၎င်း၏ သမီးဖြစ်သူတို့ အင်္ဂလန်တွင် တိုက်ခိုက်ခံရသည့်ဖြစ်စဉ်တွင် အသုံးပြုထားခဲ့သည့် တူညီသော ဓာတုအဆိပ်အမျိုးအစားပင် ဖြစ်သည်။ အဆိုပါ Novichok အာရုံကြောထိခိုက်စေသော ဓာတုအဆိပ်ကို ၁၉၇၀ နှင့် ၁၉၈၀ ပြည့်နှစ်အတွင်း ဆိုဗီယက်စစ်တပ်က တီထွင်ထားခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly