ရခိုင်က ပြန်လာပြီးနောက် ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်နေသူ ၄ ထောင် ကျော်ကို ထပ်မံသတိပေး

ရခိုင်က ပြန်လာပြီးနောက် ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်နေသူ ၄ ထောင် ကျော်ကို ထပ်မံသတိပေး

စက်တင်ဘာ ၂ ရက်၊ ၂၀၂၀

ရခိုင်ပြည်နယ်မှ လေကြောင်းခရီးဖြင့် ရန်ကုန်တိုင်းဒေသကြီးသို့ ပြန်လည် ရောက်ရှိလာသူများအနက် သတင်းပေးပို့ ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်နေသူ ၄ ထောင်‌ကျော်ကို ထပ်မံ သတိပေးနှိုးဆော်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည်။

ရောဂါကူးစက်မှု အဆင့်ဆင့် မဖြစ်ပွားစေရေး သြဂုတ်လ ၁ဝ ရက်နေ့မှ သြဂုတ်လ ၂၁ ရက်နေ့အထိ ရခိုင်ပြည်နယ်မှ ရန်ကုန်သို့ လေကြောင်းခရီးဖြင့် ပြန်လာခဲ့သူ ၅ ထောင်ကျော်ကို ကျန်းမာရေးဌာနမှ တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ခြင်းဖြစ်ပြီး ထက်ဝက်ကျော်မှာ ဖုန်းပြန်လည် ဖြေကြားမှုမရှိခြင်း၊ လက်ခံဖြေကြားသူ အချို့မှာ သက်ဆိုင်ရာကို ဆက်လက် သတင်းပေးပို့မှုနှင့် အသွားအလာ ကန့်သတ်ခြင်း အပါအဝင် ရောဂါဆက်လက် မပြန့်ပွားစေရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှု အားနည်းနေခြင်းတို့ကြောင့် ယခုကဲ့သို့ ထပ်မံသတိပေး ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရသည်။

ဖုန်းလက်ခံဖြေကြားပြီး သက်ဆိုင်ရာကို သတင်းပေးပို့သူ ၁၃ဝ၂ ဦးနှင့် အသွားအလာ ကန့်သတ်ခြင်းလုပ်ငန်းများတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်သူ ၁၁၄၂ ဦးသာရှိကြောင်း သိရသည်။

ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးက “အဓိကကတော့ အကုန်လုံးက ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ အဲ့ဒီဒေသကို သွားလာခဲ့တဲ့သူဆိုတော့ ဒီရောဂါပိုးပေါ့နော်၊ အလွန်လျင်မြန်တဲ့ အနေအထားနဲ့ ကူးစက်နိုင်တဲ့ ရောဂါပိုးဖြစ်ပါတယ်” ဟု ပြောသည်။

သြဂုတ်လ ၁ဝ ရက်နေ့ နောက်ပိုင်း ရခိုင်ပြည်နယ်မှ လေကြောင်းခရီးစဉ်ဖြင့် ပြန်လာသူများ သတင်းပို့ ပူးပေါင်းဆောင်ရွက်ရန်နှင့် ပျက်ကွက်ပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူမည်ဖြစ် ကြောင်း ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၁၁ နာရီ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးတွေ့လူနာ စုစုပေါင်း ၉၃၈ ဦးရှိပြီဖြစ်ပြီး ၎င်းတို့အနက် ရခိုင်ပြည်နယ်က ၄ဝ၉ ဦးနှင့် အများဆုံး ဖြစ်သည်။

ရန်ကုန်မြို့အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင်လည်း ရခိုင်ပြည်နယ်မှ ပြန်လာသူများ၌ ရောဂါပိုးတွေ့ခဲ့ပြီး ၎င်းတို့နှင့် ဆက်စပ်သူများမှာပါ ရောဂါပိုး တွေ့ရှိခဲ့သည်။ ထို့အပြင် မည်သို့ကူးစက်ခံရမှန်း မသိရသည့် ကွင်းဆက်ပြတ် လူနာများပါ တွေ့ရှိလာရသည်။

ဒေါက်တာ သန်းနိုင်စိုးက “တည်ဆဲဥပဒေအရ အရေးယူခံရနိုင်တာကို သတိပေးထားတာပေါ့။ ဒီအချိန်မှာ ပူးပေါင်းဆောင်ရွက်မှုတွေ စောင့်ကြည့်မယ်။ အဲ့ဒါမှ ထပ်ဆိုးလာရင် အရေးယူတဲ့ လုပ်ငန်းစဉ်ကို ညှိနှိုင်းဆောင်ရွက် ရမှာပေါ့။ သူပြန်လည်ရောက်ရှိရာ ဒေသအတွင်းမှာ ရောဂါဖြန့်တဲ့သူ၊ ရောဂါကို လျှင်မြန်စွာ ကူးစက်ပြန့်ပွားစေသူအဖြစ် ရောက်သွားနိုင်တယ်။ တိကျတဲ့ အထောက်အထားရှိရင်တော့ အဲ့ဒီလူက ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူခံရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် တွေ့ရှိရသော COVID-19 ရောဂါ ဖြစ်ပွားနေသူများအနက် ၇၁ ရာခိုင်နှုန်းမှာ အမြင်အားဖြင့် ရောဂါလက္ခဏာ တစ်စုံတစ်ရာ မပြကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်မှ အခြားနေရာဒေသများသို့ ခရီးသွားလာခဲ့သူ တစ်ဦးချင်းအား ကျန်းမာရေး ဝန်ထမ်းများက တယ်လီဖုန်းဖြင့် ဆက်သွယ်ကာ ကျန်းမာရေးစစ်ဆေးမှုနှင့် အသွားအလာကန့်သတ်မှု ခံယူရန် ပြောကြားခဲ့သော် လည်း ခရီးသည်များနှင့် ခရီးသွားဝန်ဆောင်သူ (travel agent) အချို့အနေဖြင့် တယ်လီဖုန်းမကိုင်မှု၊ ကိုင်ပြီးနောက် ဖုန်းချပစ်ခြင်းနှင့် ဖုန်းပိတ်ထားခြင်းများ ပြုလုပ်မှုတို့အပြင် ကောင်းမွန်စွာ ပြန်လည် ဖြေကြားခြင်း မရှိကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly