လက်ဘနွန်ဆန္ဒပြပွဲအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို ရိုက်နှက်

By AFP
02 September 2020
လက်ဘနွန်ဆန္ဒပြပွဲအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို ရိုက်နှက်

စက်တင်ဘာ ၂

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့လယ် ပါလီမန်အဆောက်အအုံအနီး စက်တင်ဘာ ၁ ရက်က ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ထိပ်တိုက်တွေ့ ပဋိပက္ခတွေဖြစ်ခဲ့ကြရာမှာ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရိုက်နှက်ခဲ့ပါတယ်။

ဒါဟာ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် ဘေရွတ်ကို ဒုတိယမြောက် ခရီးစဉ် ရောက်နေချိန်မှာ ခုလို ဆန္ဒပြပဋိပက္ခတွေ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

စက်တင်ဘာ ၁ ရက်က ဘေရွတ်မြို့ ဆန္ဒပြပွဲမှာတော့ ဆန္ဒပြသူတွေဟာ လက်ရှိကာလ ဝေဖန်ပုတ်ခတ်ခံနေရတဲ့ ခေါင်းဆောင်တွေ မပါမယ့် “လက်ဘနွန်နိုင်ငံသစ်” အတွက် တောင်းဆိုခဲ့ကြပါတယ်။

ဒါ့အပြင် နိုင်ငံမှာ ရောက်ရှိနေတဲ့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ကိုလည်း လက်ရှိလက်ဘနွန်ခေါင်းဆောင်တွေနဲ့ မပူးပေါင်းဖို့ တိုက်တွန်းခဲ့ကြပါတယ်။

စက်တင်ဘာ ၁ ရက် ညနေပိုင်းမှာ ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအကြား ထိပ်တိုက်တွေ့ခဲ့ကြရာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဓာတ်ငွေ့ သုံးတာတွေ ရှိခဲ့ပါတယ်။

မြို့တော်မှာ ဆန္ဒထုတ်ဖော်နေကြသူတွေကတော့ အပြောင်းအလဲကို အဆောတလျင် လုပ်ဖို့ တောင်းဆိုနေကြပါတယ်။

ဆန္ဒပြပွဲတွေမှာ ပါဝင်သူတချို့ကတော့ အနက်ရောင်ဗားရှင်း လက်ဘနွန်အလံတွေကို ကိုင်ထားခဲ့ကြပြီး သြဂုတ် ၄ ရက် ဧရာမ ပေါက်ကွဲမှုကြီးကြောင့် သေဆုံးခဲ့သူတွေအတွက် ဝမ်းနည်းအောက်မေ့ကြောင်း ထုတ်ဖော်ခဲ့ကြ ပါတယ်။

သြဂုတ် ၄ ရက် ဘေရွတ်ဆိပ်ကမ်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် လူ ၁၈၈ ဦး သေဆုံးပြီး ထောင်ချီ ဒဏ်ရာရခဲ့ကာ မြို့ရဲ့ အစိတ်အပိုင်းတချို့ ပျက်စီးသွားခဲ့ရပါတယ်။

ယမန်နှစ် အောက်တိုဘာလက ပေါ်ပေါက်ထားခဲ့တဲ့ ဆန္ဒပြလှုပ်ရှားမှုတစ်ရပ်ဟာ  သြဂုတ် ၄ ပေါက်ကွဲမှုဖြစ်စဉ်နောက်ပိုင်း ပြန်လည်အသက်ဝင်ထားခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly