မြန်မာတွင် COVID-19 ရောဂါ ကူးစက်မှု တိုးမြင့်လာ၍ ထိုင်းက နယ်စပ်လုံခြုံရေး တင်းကျပ်

မြန်မာတွင် COVID-19 ရောဂါ ကူးစက်မှု တိုးမြင့်လာ၍ ထိုင်းက နယ်စပ်လုံခြုံရေး တင်းကျပ်
Photo Creadit -တာ့ခ်ခရိုင်တွင် လုံခြုံရေးချထားမည့် ထိုင်းစစ်သား၊ ရဲနှင့် အရပ်ဖက် ဝန်ထမ်းများ (ဓာတ်ပုံ - The Nation)

စက်တင်ဘာ ၂

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်မှု တိုးမြင့်လာနေခြင်းကြောင့် ထိုင်း-မြန်မာ နယ်စပ်၊ တာ့ခ်ခရိုင်တွင် မြန်မာရွှေ့ပြောင်းလုပ်သားများ နယ်စပ်ဖြတ်ကျော်မှုကို ပို၍ တင်းကျပ်သွားမည်ဟု တာ့ခ်ခရိုင် ပြည်သူ့ကျန်းမာရေး တာဝန်ရှိသူများကို ကိုးကားပြီး သည်နေးရှင်း သတင်းစာက စက်တင်ဘာလ ၂ ရက်နေ့ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

တာ့ခ်ခရိုင် ပြည်သူ့ကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦး၏ Facebook တွင် ခရိုင်နယ်စပ်တလျှောက် အနီးကပ်စောင့်ကြည့်ရန် ထိုင်းစစ်သား၊ ရဲတပ်ဖွဲ့ဝင်နှင့် အရပ်ဖက်ဝန်ထမ်းများ အမြောက်အမြား ချထားသည့် ဓာတ်ပုံများ တင်ထားသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်မှု တိုးမြင့်လာခြင်းကြောင့် ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်ခရိုင်တွင်လည်း နယ်စပ်များကို ပိတ်ထားပြီး ဖြစ်သည်။  

ပြည်သူ့ကျန်းမာရေးဆိုင်ရာ အစည်းအဝေးတစ်ခု ပြုလုပ်ပြီးနောက် မယ်ဟောင်ဆောင်ခရိုင်ရှိ နယ်စပ်ငါးခုကို ဇူလိုင်လ ၂၀ ရက်ကတည်းက ပိတ်ထားပြီး ဖြစ်သော်လည်း ကုန်စည်စီးဆင်းမှုအတွက် သယ်ယူပို့ဆောင်ရေးများကို ဆက်လက်ခွင့်ပြုထားခဲ့ကြောင်း မယ်ဟောင်ဆောင် အုပ်ချုပ်ရေးမှူး ဆူဝါပွန် ကစ်တီပတ်ပီဘွန်းက သည်နေးရှင်း သတင်းစာသို့ ပြောသည်။

ထို့အပြင် ထိုင်းနိုင်ငံ၊ ထုံဖာဖွန်ရှိ ရွာတစ်ရွာသို့ တရားမဝင် ဝင်ရောက်ကာ နေထိုင်နေသူ မြန်မာအမျိုးသား နှစ်ဦးအနက် တစ်ဦးတွင် COVID-19 ရောဂါ ကူးစက်နေကြောင်း ကန်ချနဘူရီ ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျီရာကီရတ် ဖွန်ဆာဝပ်က ဘန်ကောက်ပို့စ် သတင်းစာသို့ ပြောထားသည်။

မြန်မာအမျိုးသားနှစ်ဦးမှာ အသက် ၂၀ နှင့် ၁၇ နှစ်အရွယ် အသီးသီးရှိကြပြီး ထိုင်းနိုင်ငံသို့ ဩဂုတ်လ ၂၃ ရက်နေ့က ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ၎င်းတို့နေအိမ် မိသားစုတွင် ကလေးငယ်တစ်ဦးလည်း ရှိနေကြောင်း ဘန်ကောက်ပို့စ်၏ စက်တင်ဘာလ ၂ ရက်နေ့သတင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဖြစ်ပွားနေမှုများကြောင့် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံသို့ ဝင်ရောက်မှုကို နယ်စပ်တလျှောက်တွင် လုံခြုံရေးတင်းကျပ်ထားမည် ဖြစ်ကြောင်း၊ ထိုင်း-မြန်မာ နယ်စပ်တလျှောက်တွင် ရဲနှင့် စစ်သည်အင်အား ပိုမိုချထားရန် အမိန့်ပေးထားပြီးဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်-အိုချာက ပြောသည်ဟု ဘန်ကောက်ပို့စ် သတင်းစာ၏ အခြားသတင်းတစ်ပုဒ်တွင်လည်း ဖော်ပြထားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၁၁ နာရီ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ စုစုပေါင်းမှာ ၉၃၈ ဦး ရှိသွားပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly