ဆေးခြောက်စိုက်ပျိုးရန် ထိုင်းပါလီမန်၌ ဆွေးနွေးသွားမည်

ဆေးခြောက်စိုက်ပျိုးရန် ထိုင်းပါလီမန်၌ ဆွေးနွေးသွားမည်

စက်တင်ဘာ ၁  

ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီး Anutin Charnvirakul က ဆေးဖက်ဝင်ဆေးခြောက်အသုံးပြုမှုဆိုင်ရာလမ်းညွှန်ချက်များပါဝင်သည့် မူးယစ်ဆေးဝါးဥပဒေမူကြမ်းအသစ်ကို မကြာမီ ပါလီမန်၌ စိစစ်သွားမည်ဟု တနင်္လာနေ့က ပြောကြားခဲ့ပြီး ဆေးဘက်ဆိုင်ရာရည်ရွယ်ချက်များအတွက် ဆေးခြောက်စိုက်ပျိုးရန် နိုင်ငံ၏ခွင့်ပြုချက်ရယူလိုသော လူနာများနှင့်ရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းပင်ဖြစ်သည်။  

တနင်္လာနေ့က ကျင်းပခဲ့သည့် ဆေးဖက်ဝင်ဆေးခြောက်ဆိုင်ရာနှီးနှောဖလှယ်ပွဲ၌ Mr. Anutin က တိုင်းပြည်၏ ဝင်ငွေရသီးနှံသစ်အဖြစ် ဆေးခြောက်အနွယ်ဝင် လျှော်ပင်နှင့်ဆေးခြောက်ပင်တို့ကို စိုက်ပျိုးခွင့်ရရန် ဆက်လက် ကြိုးပမ်းသွားမည်ဟု သန္နိဋ္ဌာန်ပြု ပြောကြားခဲ့သည်။  

ဆေးခြောက်၊ လျှော်ပင်နှင့်အခြားဆေးဖက်ဝင်အပင်များဆိုင်ရာ အစိုးရ၏မူဝါဒများသည် ဆေးဝါးများဖွံ့ဖြိုးတိုးတက်စေရန်၊ စီးပွားရေးအခွင့်အလမ်းများဖန်တီးရန်နှင့် လူ့အဖွဲ့အစည်းအပေါ် ဆိုးကျိုးသက်ရောက်ခြင်းမှ တားဆီးနိုင်ရေး ယန္တရားများချမှတ်ရန် ရည်ရွယ်သည်ဟု Mr. Anutin ကပြောသည်။

ပြည်သူ့ကျန်းမာရေးဝန်ကြီးက ဥပဒေကိုချိုးဖောက်ခြင်းမရှိဘဲ လျှော်ပင်နှင့်ဆေးခြောက်အခြေခံဆေးဝါးများကို ပေါပေါများများရရှိနိုင်စေရေး အလျင်အမြန်လုပ်ဆောင်ရန် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန (FDA) ကို ညွှန်ကြားထားသည်ဟု ဆိုသည်။  

အစိုးရသည် ပြန်လည်ပြင်ဆင်ထားသော မူးယစ်ဆေးဝါးအက်ဥပဒေမူကြမ်းအား သုံးသပ်ရန် နိုင်ငံ့ကောင်စီထံသို့ပေးပို့ခဲ့သည်။ သုံးသပ်မှုပြီးဆုံးသည့်အခါ ဥပဒေကြမ်းအား အတည်ပြုရန်နှင့်တရားဝင်ဖြစ်စေရန် အောက် လွှတ်တော်နှင့် ဥပဒေပြုအဖွဲ့သို့ ဆက်လက်ပေးပို့မည်ဖြစ်သည်။  

မူးယစ်ဆေးဝါးအက်ဥပဒေသစ်အရ  မည်သူမဆို ဆေးဘက်ဆိုင်ရာရည်ရွယ်ချက်ဖြင့်ဖြစ်စေ ဝင်ငွေရသီးနှံအဖြစ် ဖြစ်စေ FDA ၏ခွင့်ပြုချက်ရယူ၍ ဆေးခြောက်ပင်များကို အိမ်၌စိုက်ပျိုးနိုင်မည်ဖြစ်သည်။  

 “မူးယစ်ဆေးဝါးဥပဒေတွေကို ပြန်လည်ပြင်ဆင်ဖို့ FDA နဲ့တွဲပြီး တစ်နှစ်လောက် အတူတူ ဆွေးနွေးခဲ့ကြပါတယ်။ ပြဿနာတွေကိုလည်း ကျွန်တော်နားလည်ပါတယ်။ ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာ အသုံးပြုမှုအတွက် ပိုမိုလုပ်ဆောင်သွားမှာပါလို့ ကျွန်တော် ကတိပြုထားပါတယ်။ မလိုလားအပ်တဲ့ ဆိုးကျိုးတွေဖြစ်ဖို့ အသုံးပြုမှာမဟုတ်ပါဘူး။ လျှော်ပင်ကို အိမ်တွေမှာ စိုက်ခွင့်ပြုလိုက်ရင် ဝင်ငွေတွေရလာမှာပါ” ဟု ကျန်းမာရေးဝန်ကြီးက ဆိုသည်။

မူကြမ်းကိုအတည်ပြုပြီးပါက ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ၏မရှိမဖြစ်လိုအပ်သောဆေးဝါးစာရင်းတွင် ဆေးခြောက်ကို ထည့်သွင်းလာဟန်ရှိသည်။ လူတိုင်းလက်လှမ်းမီလွှမ်းခြုံသော ကျန်းမာရေးစောင့်ရှောက်မှု (UHC) ရရှိထားသော လူနာများသည် ဆေးဖက်ဝင်ဆေးခြောက်များသုံးရန်လိုအပ်လာပါက ကုန်ကျစရိတ်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အရန်ဘတ်ဂျက်ဖြင့် အကုန်အကျခံ ကုသပေးမည်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly