နယူးဇီလန်နိုင်ငံ အော့ကလန်မြို့မှာ လော့ခ်ဒေါင်း ဖယ်ရှားပြီး ကျောင်းတွေ ပြန်ဖွင့်

နယူးဇီလန်နိုင်ငံ အော့ကလန်မြို့မှာ လော့ခ်ဒေါင်း ဖယ်ရှားပြီး ကျောင်းတွေ ပြန်ဖွင့်

 စက်တင်ဘာ ၁

နယူးဇီလန်နိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ အော့ကလန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လော့ခ်ဒေါင်းချမှတ်ထားခဲ့ရတာကို ယခုအခါ ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ 

လော့ခ်ဒေါင်းကနေ လွတ်မြောက်လာတာနဲ့အတူ ယင်းမြို့မှာ သြဂုတ် ၃၁ ရက်ကစလို့ စာသင်ကျောင်းတွေကိုလည်း ပြန်ဖွင့်ခဲ့ပြီဖြစ်ပါတယ်။  

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်းကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ ယုံကြည်မှု ရှိကြောင်းလည်း ဝန်ကြီးချုပ် ဂျာဆင်ဒါ အာဒန်းက ထုတ်ဖော်သွားခဲ့ပါတယ်။ 

အော့ကလန် မြို့သူမြို့သားတွေဟာ ၎င်းတို့တွေရဲ့ နေအိမ်တွေကနေ အပြင်ထွက်ခွင့် ပြန်ရခဲ့ပြီ ဖြစ်သလို အစိုးရကလည်း မြို့တွင်းမှာ စာသင်ကျောင်းမဟုတ်တဲ့ လူမှုဆိုင်ရာ စုဝေးမှုတွေကို လူဆယ်ဦးအထိ ကန့်သတ်ထားခဲ့ပါတယ်။ 

တချိန်တည်းမှာလည်းပဲ နိုင်ငံတစ်ဝန်း အများပြည်သူ သယ်ယူပို့ဆောင်ရေးပိုင်းမှာလည်း နှာခေါင်းစည်းတွေ မဖြစ်မနေတပ်ဖို့ စည်းကမ်းထုတ်ထားပါတယ်။ 

လူဦးရေ ၁ ဒသမ ၅ သန်း နေထိုင်တဲ့ မြို့မှာ ဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ် လေးခု တွေ့ရှိခဲ့တဲ့နောက် သြဂုတ် ၁၂ ရက်မှာ အော့ကလန်မြို့ လော့ခ်ဒေါင်းချမှတ်မှု စတင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ကူးစက်မှုဖြစ်စဉ်တွေ တွေ့ရှိခဲ့တာကတော့ ယင်းနိုင်ငံမှာ ရက်ပေါင်း ၁၀၂ ရက်ကြာ ပြည်သူလူထုအကြား ကူးစက်မှုဖြစ်စဉ် ကင်းစင်ခဲ့မှုကိုပါ အဆုံးသတ်စေခဲ့ပါတယ်။ 

ယင်း နောက်ပိုင်း အစုအဝေးပုံစံ ကူးစက်မှုဖြစ်စဉ်တွေဟာ ကူးစက်မှုဖြစ်စဉ် ၁၄၁ အထိ တိုးလာခဲ့ပါတယ်။ 

ကူးစက်ဖြစ်ပွားမှုရဲ့ မူလရင်းမြစ်ကို ရှာမတွေ့ခဲ့ပေမယ့် အစုအဝေးပုံစံ ကူးစက်မှုနဲ့ ဆက်နွယ်နေတဲ့ အခြားဖြစ်စဉ်တွေကို မလွဲမရှောင်သာ ထပ်တွေ့ဦးမှာဖြစ်တယ်လို့ ဝန်ကြီးချုပ် အာဒန်းက ပြောသွားပါတယ်။ 

ကူးစက်မှုတွေ ဆက်တိုးနေတယ်ဆိုပေမယ့်လည်း အော့ကလန်ကို လော့ခ်ဒေါင်း ဖယ်ရှားဖို့ ဘေးကင်းလုံခြုံမှု ရှိတယ်လို့ ဝန်ကြီးချုပ် အာဒန်းက ပြောသွားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly