ကန်နိုရှာ သေနတ်သမားဘက်က ကာကွယ်ပြောဆိုပေးခဲ့သည့် ဒေါ်နယ်ထရမ့်

ကန်နိုရှာ သေနတ်သမားဘက်က ကာကွယ်ပြောဆိုပေးခဲ့သည့် ဒေါ်နယ်ထရမ့်

စက်တင်ဘာ ၁

အမေရိကန်နိုင်ငံ ဝစ်ကွန်ဆင်ပြည်နယ် ကန်နိုရှာမြို့ ဆန္ဒပြပွဲများအတွင်း လူနှစ်ဦးကို ပစ်သတ်မှုဖြင့် တရားစွဲခံထားရသည့် အသက် ၁၇ နှစ်အရွယ် သေနတ်သမားဘက်ကနေ သမ္မတ ဒေါ်နယ်ထရမ့်က သြဂုတ် ၃၁ ရက်တွင် ခုခံကာကွယ်ပြောဆိုသွားခဲ့သည်။

တရားစွဲခံထားရသည့် သေနတ်သမားသည် အခင်းဖြစ်ချိန်က ယင်းနေရာကနေ ရှောင်ခွာရန် ကြိုးပမ်းခဲ့သေးကြောင်း၊ အကယ်၍ ၎င်းဘက်က မပစ်ခဲ့ပါက ဆန္ဒပြသူများ၏ သတ်ဖြတ်မှုကို ခံရမည်ဖြစ်ကြောင်း ထရမ့်က ပြောသွားခဲ့သည်။

ထရမ့်သည် စက်တင်ဘာ ၁ ရက်တွင် ကန်နိုရှာမြို့သို့ သွားရောက်မည်ဖြစ်သည်။ အဆိုပါ မြို့သည် ပြီးခဲ့သည့် သြဂုတ် ၂၃ ရက်က ဂျက်ကော့ဘ် ဘလိတ်အမည်ရှိ အသက် ၂၉ နှစ်အရွယ် လူမည်းအမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခဲ့သည့် ဖြစ်စဉ်နောက်ပိုင်း ရဲတပ်ဖွဲ့ လူမဆန်မှုနှင့် လူမျိုးရေးခွဲခြားမှုအပေါ် ဆန့်ကျင်ဆန္ဒပြပွဲများ ဖြစ်ပေါ်နေသည့် နေရာလည်း ဖြစ်သည်။

ဆန္ဒပြပွဲများ၏ တတိယမြောက်ညတွင် အသက် ၁၇ နှစ်အရွယ် ကိုင်လီ ရစ်တန်ဟောက်စ်ဆိုသူ လူငယ်က ဆန္ဒပြသူ သုံးဦးကို ရိုင်ဖယ်ဖြင့် ပစ်ခဲ့ရာ  နှစ်ဦး သေဆုံးခဲ့သည်။

“သူက အဲဒီဆန္ဒပြလူအုပ်ဆီကနေ ထွက်ခွာဖို့ ကြိုးစားခဲ့ပါတယ်၊ အဲဒီမှာ သူလဲကျသွားတယ်၊ ဟိုလူတွေက သူ့ကို အကြမ်းပတမ်း ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တယ်၊ အဲဒီအချိန်မှာ သူ ဒုက္ခအကြီးကြီး တွေ့ခဲ့တယ်လို့ ကျွန်တော်မှန်းဆမိတယ်၊ ဖြစ်နိုင်တာက သူ အသတ်ခံရမယ့် ကိန်းတောင် ရှိခဲ့တယ်” ဟု ထရမ့်က ပြောသွားခဲ့သည်။

ယခုအခါ ရစ်တန်ဟောက်စ်သည် လူသတ်မှု စွဲချက်နှစ်ခု၊ လူသတ်ရန် ကြိုးပမ်းမှု စွဲချက်တစ်ခု စွဲဆိုခံထားရပြီး ၎င်းအနေဖြင့် ကိုယ့်ကိုယ်ကို ကာကွယ်ခြင်းသာ ဖြစ်ကြောင်း ခုခံထွက်ဆိုရန် စီစဉ်ထားသည်ဟု ၎င်း၏ ရှေ့နေဖြစ် သူက ပြောသည်။

ရွေးကောက်ပွဲမဲဆွယ်ရာတွင် ဥပဒေနှင့် အမိန့်အာဏာ စိုးမိုးရေးကို အဓိကအကြောင်းအရာအဖြစ် ထားရှိထားခဲ့သော ရီပတ်ဘလစ်ကန်သမ္မတသည် ၎င်းအပေါ် ထောက်ခံသူများ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ပြစ်တင်ရန် ငြင်းဆန်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly