အစ္စရေးအတွက် အာရပ်နှင့် မွတ်စလင် မိတ်ဖက်များ ပိုရလာမည်ဟု ထရမ့် အကြံပေး ပြော 

အစ္စရေးအတွက် အာရပ်နှင့် မွတ်စလင် မိတ်ဖက်များ ပိုရလာမည်ဟု ထရမ့် အကြံပေး ပြော 

ဩဂုတ် ၃၁

အစ္စရေးနှင့် ပုံမှန်ဆက်ဆံရေး ထူထောင်သော ယူအေအီး လမ်းစဉ်ကို အာရပ်နှင့် မွတ်စလင်နိုင်ငံများက ပို၍ လိုက်ပါလုပ်ဆောင်လာဖွယ်ရှိသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အမျိုးသားလုံခြုံရေး အကြံပေးက တနင်္ဂနွေနေ့တွင် ပြောသည်။ 

အစ္စရေး-ယူအေအီး တရားဝင် ဆက်ဆံရေး အပြီးသတ် အကောင်အထည်ဖော်မှုအတွက် အဘူဒါဘီတွင် တနင်္လာနေ့၌ ကျင်းပမည့် ဆွေးနွေးပွဲများ မတိုင်မီ တစ်ရက်၌ အိမ်ဖြူတော်အရာရှိ ရောဘတ်အိုဘရိုင်ယန်နှင့် ထရမ့်၏ သမက်နှင့် အကြီးတန်းအကြံပေး ဂျရက်ကူရှနာတို့က ဂျေရုဆလင်တွင် ဝန်ကြီးချုပ် နေတန်ယာဟုနှင့် တွေ့ဆုံခဲ့ကြသည်။ 

အစ္စရေးနှင့် ယူအေအီးတို့သည် အမေရိကန်၏ ကြားဝင်ကူညီသော သဘောတူညီချက်တစ်ရပ်အောက်တွင် တရားဝင်ဆက်ဆံရေးကို ထူထောင်သွားမည်ဖြစ်ကြောင်း ဩဂုတ် ၁၃ ရက်က ကြေညာခဲ့ကြသည်။ အဆိုပါ သံခင်းတမန်ခင်း ဖော်ဆောင်ချက်သည် ပါလက်စတိုင်းအရေးမှသည် အီရန်နှင့် ဆက်ဆံရေးအထိ အရှေ့အလယ်ပိုင်း၏ အနေအထားကို ပုံစံပြောင်းသွားစေသည်။ 

“အခြားသော အာရပ်နဲ့ မွတ်စလင်နိုင်ငံတွေဟာ မကြာခင်မှာပဲ ယူအေအီး ဦးဆောင်မှုနောက် လိုက်ပြီး အစ္စရေးနဲ့ ပုံမှန်ဆက်ဆံရေး ထူထောင်လာလိမ့်မယ်လို့ ကျွန်တော်တို့အနေနဲ့ ယုံကြည်ပါတယ်။”ဟု နေတန်ယာဟု အိမ်တော်ရာက ဆွေးနွေးပွဲအပြီးတွင် အိုဘရိုင်ယန်က သတင်းထောက်များအား ပြောသည်။ 

မည်သည့် နိုင်ငံများဆိုသည်ကို ၎င်းက အမည်ထုတ်ဖော် မပြောသော်လည်း အစ္စရေးတာဝန်ရှိသူများက အိုမန်၊ ဘာရိန်နှင့် ဆူဒန်နိုင်ငံများနှင့် ပုံမှန်ဆက်ဆံရေး ထူထောင်ဖြစ်နိုင်သည်ဟု လူသိရှင်ကြား ပြောထားဖူးသည်။ 

ယူအေအီး၏ အစ္စရေးနှင့် ဆက်ဆံရေး ဖော်ဆောင်မှုသည် ၁၉၆၇ စစ်ပွဲအတွင်း အစ္စရေးတို့ သိမ်းပိုက်ထားသည့် မြေပေါ်တွင် ပါလက်စတိုင်းနိုင်ငံ ပေါ်ထွန်းရေးကို ပစ်ပယ်လိုက်ခြင်းပဲ ဖြစ်သည်ဟု ပါလက်စတိုင်းက ရှုတ်ချသည်။ 

ထရမ့်အစိုးရသည် အရှေ့အလယ်ပိုင်း ဒေသတွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန် အီရန်အပေါ် အစ္စရေးကဲ့သို့ပင် စိုးရိမ်ပူပန်မှုရှိသည့် အခြားသော ဆွန်နီအာရပ်နိုင်ငံများကို နားချစည်းရုံးနိုင်ရေး ကြိုးပမ်းလျက် ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly