အိန္ဒိယ၌ အလေးအမြတ်ထားသည့် တံတားပေါ် ကိုယ်တုံးလုံး ဗီဒီယိုရိုက်သည့် ပြင်သစ်အမျိုးသမီး ပြန်တောင်းပန်

အိန္ဒိယ၌ အလေးအမြတ်ထားသည့် တံတားပေါ် ကိုယ်တုံးလုံး ဗီဒီယိုရိုက်သည့် ပြင်သစ်အမျိုးသမီး ပြန်တောင်းပန်

ဩဂုတ် ၃၁

အိန္ဒိယနိုင်ငံတွင် အလေးအမြတ်ထားသော တံတားတစ်စင်းပေါ် အဝတ်မဲ့ဗလာဖြင့် ကိုယ့်ကိုယ်ကို ဗီဒီယိုရိုက်၍ ဖမ်းဆီးခံရသည့် ပြင်သစ်အမျိုးသမီးက တနင်္ဂနွေနေ့တွင် ပြန်တောင်းပန်သည်။

သို့သော် အသက် ၂၇ နှစ်အရွယ် မာရီဟယ်လန်နီဆိုသည့် အဆိုပါ အမျိုးသမီးက သူသည် လုံးဝ ကိုယ်တုံးလုံးချွတ်ခဲ့သည်မဟုတ်ကြောင်း ငြင်းဆန်ပြီး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားခြင်းများကို အာရုံစိုက်လာအောင် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဆိုသည်။

၁၉၆၀ ခုနှစ်များအတွင်း the Beatles ဂီတအဖွဲ့ကြောင့် လူသိများခဲ့ပြီး ခရီးသွားဧည့်သည်များနှင့် ယောဂကျင့်သူများ လာရောက်နေဆဲဖြစ်သည့် ဂင်္ဂါမြစ်ပေါ်က Lakshman Jhula လူကူးတံတားတွင် ထိုသို့ ကိုယ်တုံးလုံးဖြင့် ဗီဒီယိုရိုက်ခြင်းအတွက် နိုင်ငံ၏ အင်တာနက်ဥပဒေဖြင့် မာရီကို စွဲဆိုထားခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က စနေနေ့တွင် ပြောသည်။

“သူက ကျွန်တော်တို့ကို ပြောတယ်။ အွန်လိုင်းမှာ လည်ဆွဲပုတီးတွေ သူက ရောင်းချနေတာ ဖြစ်ပြီး သူ ဈေးရောင်းကောင်းဖို့အတွက် ခုလို ဗီဒီယိုရိုက်တာလို့ ပြောပါတယ်။”ဟု ဌာနေရဲစခန်းမှ စခန်းမှူးဖြစ်သူ အာရ်ကေဆတ်ကလန်နီက ပြောသည်။

သို့ရာတွင် အေအက်ဖ်ပီက ရရှိသော ထုတ်ပြန်ချက်၌ မာရီက သူ ဗီဒီယိုရိုက်ကူးချိန်၌ ဝန်းကျင်တွင် မည်သူတစ်ဦးတစ်ယောက်မျှ မရှိကြောင်းနှင့် အိန္ဒိယက လိင်စော်ကားမှုများကို ပို၍ သိရှိအောင်အတွက် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဆိုထားသည်။

“တံတားပေါ်မှာ မလုံတလုံ ဝတ်စားထားပြီးပဲ ရိုက်ခဲ့တာပါ။ ဘာကြောင့်လည်းဆိုတော့ ဒီ တံတားပေါ်က ဖြတ်တိုင်း ကျွန်မ စော်ကားခံရတယ်လို့ ခံစားရတယ်။ ကျွန်မရဲ့ အိန္ဒိယ ညီအစ်မတွေနဲ့ အမျိုးသမီးခရီးသွားတွေလည်း ဒီလိုမျိုးပဲ ခံစားရမှာ ကျိန်းသေတယ်။”ဟု မာရီက ရေးသားထားသည်။

“အဓိက ရည်ရွယ်ချက်ကတော့ အဖိနှိပ်ခံ အိန္ဒိယအမျိုးသမီးတွေ ပညာသင်ခွင့်ရဖို့နဲ့ အတင်းအကျပ် လက်ထပ်ထိမ်းမြားခံရတာကနေ လွတ်မြောက်ဖို့ ပြီးတော့ အခြားရွေးချယ်စရာ မရှိ၊ အကူအညီမဲ့တဲ့ အခြေအနေကနေ လွတ်မြောက်ဖို့ပဲ ဖြစ်တယ်။”ဟု ၎င်းက ဆိုသည်။

“ပထမဆုံး ကျွန်မ ပြောချင်တာကတော့ ကျွန်မရဲ့ လုပ်ရပ်က ဌာနေပြည်သူတွေကို ထိခိုက်စေတာအတွက် ကျွန်မ စိတ်မကောင်းဖြစ်ရတယ် ဆိုတာပါပဲ။ ယဉ်ကျေးမှုဓလေ့တွေကို ကျွန်မ သတိလက်လွတ် ဖြစ်သွားခဲ့တယ်။”ဟု မာရီက တောင်းပန်ထားသည်။

မာရီအား ကြာသပတေးနေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ အာမခံဖြင့် ပြန်လွှတ်ပေးထားကြောင်း ရဲက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly