ပါရီမှာ လူရာချီ စုဝေးပြီး နှာခေါင်းစည်း တပ်ဆင်ရေးစည်းမျဉ်းတွေကို ဆန့်ကျင်ဆန္ဒပြ

ပါရီမှာ လူရာချီ စုဝေးပြီး နှာခေါင်းစည်း တပ်ဆင်ရေးစည်းမျဉ်းတွေကို ဆန့်ကျင်ဆန္ဒပြ

သြဂုတ် ၃၁

ပြင်သစ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ ပြဋ္ဌာန်းတဲ့ နှာခေါင်းစည်း မဖြစ်မနေ တပ်ရမယ့် စည်းမျဉ်းကို ဆန့်ကျင်ရှုတ်ချတဲ့အနေနဲ့ လူပေါင်း ၂၀၀ နဲ့ ၃၀၀ အကြားတို့ဟာ သြဂုတ် ၂၉ ရက်က ပါရီမြိုမှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။

ပြင်သစ်နိုင်ငံမှာ ယခုအခါမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်နေတဲ့အချိန် အာဏာပိုင်တွေဘက်က ခုလို ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ရေး စည်းမျဉ်းတွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

“အသက် ၆၅ နှစ်အထက် ရှိသူတွေကို အသက်ဆုံးရှုံးစေနိုင်တဲ့ ဗိုင်းရပ်စ်တစ်ခုအတွက် ပြောရမယ်ဆိုရင် ဒီနေ့ဒီအချိန်မှာ ကျွန်တော်တို့ဟာ ကျွန်တော်တို့အရင်တုန်းက လုပ်ခဲ့သလို ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ဘာ အကြောင်းပြချက်တွေကြောင့် ချုပ်ချယ် ကန့်သတ်နေရမှာလဲ၊ ကျွန်တော်တို့ဟာ လူတွေကို ပိတ်လှောင်ကန့်သတ်နေတာပါ၊ နှာခေါင်းစည်းဆိုတာ ပိတ်လှောင်ကန့်သတ်မှုတစ်ခုပါပဲ၊ အဲဒါက ခင်ဗျားနဲ့ ကျွန်တော့်အကြားက ဆက်သွယ်ပြောဆိုမှုအတွက် ကြားခံအတားအဆီးတစ်ခုပါ” လို့ association Reaction အဖွဲ့ရဲ့ ဥက္ကဌ ကာလို အယ်လ်ဘာတို ဘရူဆာက ပြောသွားပါတယ်။

၎င်း ဝတ်ဆင်ထားတဲ့ နှာခေါင်းစည်းနဲ့ပတ်သက်လို့ ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ ချာလီကလည်း ခုလို ပြောသွားပါတယ်။

“ဒါက တင်းကျပ်တဲ့နှာခေါင်းစည်းတစ်ခု ၊ စမ်းသပ်စစ်ဆေးမှုတွေနဲ့ လာတာပါ၊ ဒါကို ခြောက် ဒါမှမဟုတ် ခုနစ် စင်တီမီတာ ရှည်တဲ့ ခင်ဗျားနှာခေါင်းမှာ တပ်လိုက်မယ်၊ အဲဒါက ခင်ဗျားကို အမြဲတမ်း စမ်းသပ်ပါလိမ့်မယ်၊ ခင်ဗျားမှာ ကိုဗစ် ရှိနေတယ်ဆိုရင် အဲဒါက 5G နဲ့ ချိတ်ဆက်မှာ ဖြစ်တဲ့အတွက် ဒါက ကျန်းမာရေးအာဏာပိုင်တွေဆီ ချက်ချင်း သတင်းပို့မယ်၊ ပြီးတော့ ခင်ဗျားဆီမှာ ဒုတိယ တွဲဖက်ပစ္စည်းတစ်ခု ရှိပြီး အဲဒါက သာမိုမီတာ ဖြစ်ပါလိမ့်မယ်၊ သာမိုမီတာ ဘာလဲ လူတိုင်းသိပါတယ်၊ အဲဒါကိုလည်း 5G နဲ့ ဆက်သွယ်ထားပါမယ်၊ ဒီတော့ ခင်ဗျားမှာ အဖျား ရှိတာနဲ့ အဲဒါက မီးလင်းလာပါမယ်၊ ကျွန်တော့်မှာ အဖျား ရှိတယ်လို့ ခင်ဗျားတွေ့မယ်ဆိုရင် ခင်ဗျား ကျွန်တော်နဲ့ အဝေးကို ပြေးသွားရပါမယ်” လို့ ချာလီက ပြောသွားပါတယ်။

“ဒါက ထိရောက်မှုမရှိဘူးလို့ ကျွန်တော်ထင်တယ်၊ အရင်ဆုံးပြောရရင် ကျွန်တော်တိုဟာ ဒါတွေကို လိုသလို ခြယ်လှယ်လုပ်ကိုင်ကြတယ်၊ ကျွန်တော်တို့ဟာ ဒါတွေကို လုံလုံလောက်လောက် အပြောင်းအလဲ မလုပ်ကြဘူး၊ ဒါက ဗိုင်းရပ်စ် တစ်ခုပါ၊ အဲဒါက ဘတ်တီးရီးယားမဟုတ်ဘူး၊ အဲဒါက အဏုဇီဝ ပိုးမွှားမဟုတ်ဘူး၊ အဲဒါက ဗိုင်းရပ်စ်ပါ၊ ဒီ နှာခေါင်းစည်းတွေက ဗိုင်းရပ်စ်တွေကို ကာကွယ်ဖို့ အသုံးမဝင်ပါဘူး” လို့ ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ ဒိုမိနစ်ကွီး ရောဘတ်က ပြောသွားပါတယ်။

“ကျွန်တော်ကတော့ နှာခေါင်းစည်းကို ဆန့်ကျင်တာတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် နှာခေါင်းစည်း မဖြစ်မနေ တပ်ရမယ်ဆိုတဲ့ စည်းမျဉ်းကို ဆန့်ကျင်တာပါ၊ အထူးသဖြင့် သူတို့ဟာ ဒါကို တကယ် သေချာပေါက် မလိုအပ်တဲ့ အချိန်တစ်ခုမှာမှ လာပြီး ပြဋ္ဌာန်းနေတာပါ၊ ဒါက ကပ်ရောဂါ အဆုံးသတ်ပါ၊ မတ်လနဲ့ ဧပြီလတုန်းက ကျွန်တော်တို့မှာ ကပ်ရောဂါအထွတ်အထိပ်ကာလတုန်းကဆိုရင် နှာခေါင်းစည်းတွေ မရှိခဲ့ကြဘူးလေ၊ သူတို့ဟာ ဆေးဝါး ရောင်းချသူတွေကိုလည်း ဒါတွေ ရောင်းခွင့်မပေးခဲ့ဘူး၊ ဒီတော့ ဒါကို ခုချိန်မှာ ပြဋ္ဌာန်းဖို့ ဆိုရင်တော့ ဒါက ကျိုးကြောင်းဆီလျော်မှု မရှိဘူးလို့ပဲ ကျွန်တော် မြင်ပါတယ်” လို့ အခြား ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ ကီဗင် က ပြောသွားပါ တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly