ရှင်ဇိုအာဘေး၏ လက်ထောက်က ဂျပန်ဝန်ကြီးချုပ် ရာထူး ဝင်ရောက်ယှဉ်ပြိုင်မည်

ရှင်ဇိုအာဘေး၏ လက်ထောက်က ဂျပန်ဝန်ကြီးချုပ် ရာထူး ဝင်ရောက်ယှဉ်ပြိုင်မည်

ဩဂုတ် ၃၁

ဂျပန်ဝန်ကြီးချုပ် ရာထူးနေရာအတွက် ရှင်ဇိုအာဘေး၏ လက်ထောက်ဖြစ်သူ ကက်ဘိနက်အတွင်းဝန်ချုပ် ယိုရှီဟီဒီဆူဂါက ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြည်တွင်း သတင်းများက တနင်္ဂနွေနေ့တွင် ဖော်ပြသည်။

ဂျပန်နိုင်ငံ၏ ကာလရှည် ခေါင်းဆောင် ရှင်ဇိုအာဘေး၏ နေရာအား ဆက်ခံရန် ယှဉ်ပြိုင်မှုများက ပြင်းထန်လျက် ရှိသည်။

အာဘေးအား အဓိက ကူညီထောက်ပံ့သည့် အခန်းကဏ္ဍမှ ကာလရှည် လက်ထောက်တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သူ ဆူဂါသည် ဝန်ကြီးချုပ်ရာထူးကို စိတ်ဝင်စားနေသည်ဆိုခြင်းအား ငြင်းဆန်ထားခဲ့သည်။

သို့ရာတွင် ကျန်းမာရေး အကြောင်းပြချက်ဖြင့် အာဘေးက ရုတ်တရက် ရာထူးမှ နုတ်ထွက်ကြောင်း မကြေညာခင် ရက်ပိုင်းများ၌ ဆူဂါသည် ရိုက်တာနှင့် အခြားသော သတင်းမီဒီယာများနှင့် အင်တာဗျူး ပြုလုပ်ခြင်းနှင့်အတူ ၎င်းအပေါ် အာရုံစိုက်မှုအား ဆွဲဆောင်နိုင်ခဲ့သည်။

ဆူဂါအစိုးရအနေဖြင့် အာဘေး၏ ရာထူးတာဝန် ရှစ်နှစ်နီးပါးအတွင်း ပြဋ္ဌာန်းချမှတ်ခဲ့သော ဘဏ္ဍာရေးနှင့် ငွေကြေးမူဝါဒ စေ့ဆော်မှုများကို ဆက်လက်ဖော်ဆောင်သွားလိမ့်မည် ဖြစ်သည်။

အာဘေးသည် နာတာရှည် နာမကျန်းဖြစ်မှု ဆိုးဝါးလာ၍ဆိုကာ ရာထူးမှ နုတ်ထွက်ကြောင်း ပြီးခဲ့သည့် သောကြာနေ့က ကြေညာခဲ့ခြင်း ဖြစ်ရာ ၎င်း၏ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ LDP အတွင်း ခေါင်းဆောင်သစ် ရွေးကောက်ရန် ရှိလာသည်။ အောက်လွှတ်တော်၌ ပါတီက လူများစု ရှိနေခြင်းကြောင့် LDP ၏ ဥက္ကဋ္ဌသာ ဝန်ကြီးချုပ်ဖြစ်ရန် သေချာသလောက်ပဲ ဖြစ်သည်။

ဆူဂါသည် LDP ပါတီ ခေါင်းဆောင်သစ် ရွေးကောက်ပွဲ အကဲဖြတ်ရာ၌ ပါဝင်ရန် ဆုံးဖြတ်ခဲ့ပြီး အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်မည် ဖြစ်သည်။ ထိုအတွက် COVID-19 ကပ်ဘေးနှင့် ဂျပန်၏ စစ်ပွဲနောက်ပိုင်း အနက်ရှိုင်းဆုံး စီးပွားရေးကျဆင်းမှုကဲ့သို့သော ပြဿနာအကျပ်အတည်းများကို စီမံခန့်ခွဲနိုင်မည့် ၎င်း၏ စွမ်းဆောင်ရည်အတွက် မှတ်ကျောက်အတင်ခံရရန် ရှိကြောင်း အမည်မဖော်သော သတင်းရင်းမြစ်ကို ကိုးကားပြီး Kyodo သတင်းဌာနက ဖော်ပြခဲ့သည်။

ဆူဂါအနေဖြင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဖူမီယိုကီရှီဒါနှင့် ကာကွယ်ရေးဝန်ကြီးဟောင်း ရှီဂျီရူအီရှီဘာတို့နည်းတူ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly