ဘီလာရုဇ် သမ္မတ နုတ်ထွက်ရေး အမျိုးသမီး ထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြ 

ဘီလာရုဇ် သမ္မတ နုတ်ထွက်ရေး အမျိုးသမီး ထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြ 

သြဂုတ် ၃၀

ဘီလာရုဇ်နိုင်ငံ၏ မင့်စ်မြို့တော်တွင် အမျိုးသမီး ထောင်ပေါင်းများစွာသည် စနေနေ့က အလံများ၊ ပန်းများနှင့် ပူဖောင်းများကို ကိုင်ဆောင်ဝှေ့ယမ်းပြီး ချီတက်ဆန္ဒပြကြသည်။ 

ယခုလက အငြင်းပွားဖွယ် သမ္မတရွေးကောက်ပွဲပြီးချိန်မှစကာ နိုင်ငံအတွင်း အစိုးရဆန့်ကျင်သော ဆန္ဒပြပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်။ 

သမ္မတ အလက်ဇန္ဒြားလူကာရှန်ကိုက ၎င်း၏ ၂၆ နှစ်တာ အုပ်ချုပ်မှုကို သက်တမ်းထပ်တိုးနိုင်ရေးအတွက် ဩဂုတ် ၉ ရက် ရွေးကောက်ပွဲတွင် လိမ်လည်မှုများ လုပ်ဆောင်ခဲ့သည်ဆိုသော စွပ်စွဲချက်များကို ငြင်းဆန်သည်။ 

ဆန္ဒပြသူများအား အနောက်အုပ်စုက ရန်ပုံငွေ ထောက်ပံ့နေသည်ဟု ၎င်းက ပြောပြီး ဘီလာရုဇ်ရှေ့တန်းတွင် နေတိုးတပ်ဖွဲ့ဝင်များ ရောက်ရှိနေသည်ဟု စွပ်စွဲသည်။ နေတိုးမဟာမိတ်များက အဆိုပါ စွပ်စွဲချက်ကို ငြင်းဆန်သည်။ 

စည်းလုံးညီညွတ်မှုအတွက် ချီတက်ခြင်းဟု ဆိုထားသော စနေနေ့က ချီတက်ဆန္ဒပြမှုတွင် အမျိုးသမီးများက လူကာရှန်ကိုနှင့် ၎င်း၏ အစိုးရ နုတ်ထွက်ရေးကို တောင်းဆိုကြသည်။ 

“ဒါဟာ ကျွန်မတို့ရဲ့ မြို့ပဲ။”ဟု အားကစားဝတ်စုံ အများစု ဝတ်ထားကြသည့် အမျိုးသမီ ဆန္ဒပြလူအုပ်က ကြွေးကြော်ကြသည်။ 

ဆန္ဒပြ လမ်းကြောင်းတစ်လျှောက်က လမ်းများကို ရဲနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ထားသည်။ အခြားသော မြို့များတွင်လည်း အသေးစား လူစုရုံးဆန္ဒပြမှုများ ဖြစ်ပွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly