ဖူးခက်ကမ်းခြေ ပြန်ဖွင့်နိုင်ရေး ထိုင်းအစိုးရ စိုင်းပြင်း

ဖူးခက်ကမ်းခြေ ပြန်ဖွင့်နိုင်ရေး ထိုင်းအစိုးရ စိုင်းပြင်း

 သြဂုတ် ၃၀

အောက်တိုဘာလတွင် နိုင်ငံခြားဧည့်သည်များအား ကြိုဆိုလက်ခံရေးအတွက် ပထမဆုံး စံနမူနာအဖြစ် ဖူးခက်ကမ်းခြေအား ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ထိုင်းအစိုးရက စိုင်းပြင်းလျက် ရှိသည်။ 

ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သော အလုပ်အကိုင်များ ပြန်လည်ရရှိရန်နှင့် ဝင်ငွေရရှိရေးတို့အတွက် ထိုင်းအစိုးရသည် နိုင်ငံခြားသားဧည့်သည်များအား ပြန်လည်လက်ခံနိုင်ရေး ပြင်ဆင်နေခြင်း ဖြစ်သည်။ 

သို့ရာတွင် အစိုးရ၏ အားထုတ်မှုများက ဖြစ်လာနိုင်သော ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းကို တားဆီးနိုင်ရေး ကျန်းမာရေးစနစ် အဆင်သင့်ရှိမှုနှင့် ပတ်သက်၍ သံသယများ ပွားများစေသည်။ 

ခရီးသွား ဖူးခက်ကျွန်းအား ပြန်ဖွင့်ရေး ပြင်ဆင်ရာတွင် ပါဝင်သည် စီးပွားရေးသမားများနှင့် အာဏာပိုင်များထံမှ ဘန်ကောက်ပို့စ်က အတည်ပြုချက် ရရှိသည်။ 

အစိုးရအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်များကို တဖြည်းဖြည်းချင်း ဖြေလျှော့လာချိန် ခရီးသွားလုပ်ငန်းကဏ္ဍက ကောင်းမွန်စွာ ပြန်လည်ဦးမော့မည်ဟု မြင့်မားစွာ မျှော်လင့်ထားသည်။ 

နိုင်ငံတွင် နာမည်အကျော်ကြားဆုံး အပန်းဖြေကျွန်းများဖြစ်သည့် ဖူးခက်နှင့် ကော့စမွီကျွန်းများ ပြန်ဖွင့်နိုင်ရေးကို အစိုးရက စိတ်အား ထက်သန်လျက်ရှိသည်။ 

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် အထိနာနေသော ပြည်တွင်းစီးပွားရေးကို ပြန်လည်စေ့ဆော်ပေးနိုင်ရန် ခရီးသွားလုပ်ငန်းကို ပြန်လည်ဖွင့်လှစ်လိုနေခြင်း ဖြစ်သည်။ 

ဖူးခက်သည် နိုင်ငံခြားဧည့်သည်များကို လာရောက်ခွင့်ပြုသော ပထမဆုံး စမ်းသပ်နယ်မြေဖြစ်လိမ့်မည်ဟု ခရီးသွားလုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီး ပီဖက်က ပြောသည်။ 

အစီအစဉ်အားဖြင့် နိုင်ငံခြားဧည့်သည်များအနေဖြင့် ကျွန်း၏ ၁ ကီလိုမီတာ အဝိုင်းအဝန်းရှိ သတ်မှတ်ဧရိယာအတွင်း ၁၄ ရက် နေထိုင်ရမည် ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် မကူးစက်ကြောင်း စစ်ဆေးတွေ့ရှိမှ ပြည်နယ်က အခြားသော နယ်မြေများသို့ သွားလာခွင့်ပြုမည် ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly