အွန်လိုင်းမှတစ်ဆင့် စာသင်ကြားရသဖြင့် ကလေးစိတ်ဒုက္ခရောက်နေပုံကို မိခင်ဖြစ်သူက အင်တာနက်ပေါ်တင်ခဲ့

အွန်လိုင်းမှတစ်ဆင့် စာသင်ကြားရသဖြင့် ကလေးစိတ်ဒုက္ခရောက်နေပုံကို မိခင်ဖြစ်သူက အင်တာနက်ပေါ်တင်ခဲ့

ဩဂုတ် ၂၉

အမေရိကန် ဂျော်ဂျီယာပြည်နယ် Coweta ကောင်တီရှိ ကျောင်းတစ်‌ကျောင်းက အသက် ငါးနှစ်အရွယ် မူကြိုကလေးတစ်ဦးသည် အွန်လိုင်းမှတစ်ဆင့် စာသင်ကြားနေရပြီး လက်တွေ့စာသင်ခန်းနှင့်မသင်ကြားရသည့်အတွက် ခေါင်းငိုက်စိုက်ကျကာ ငိုကြွေးခဲ့ရသည့်အထိ စိတ်ပျက်အားငယ်လျက်ရှိသည်။  

ကျောင်းသားများ စာသင်ခန်းထဲတွင် မသင်ကြားရသောကြောင့် အခက်အခဲရှိပုံကို သိစေလိုသဖြင့် ကလေးမိခင်ဖြစ်သူ Jana Coombs သည် ဩဂုတ် ၁၇ ရက်က သားဖြစ်သူ ငိုကြွေးနေသည့် ဓာတ်ပုံကို အွန်လိုင်း၌မျှဝေခဲ့ သည်။  

“တကယ့်ဖြစ်ရပ်အမှန်ကို လူတွေသိစေချင်လို့ ကျွန်မ ဓာတ်ပုံရိုက်ပြီးတင်လိုက်တာပါ။ ကျွန်မတို့ သားကို ပွေ့ဖက်နှစ်သိမ့်ခဲ့ပြီး အတူငိုခဲ့ကြရပါတယ်” ဟု Combs က CNN ၏တွဲဖက်သတင်းဌာန WXIA ကိုပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် အမေရိကန်ရှိ ကျောင်းအများစုသည် အွန်လိုင်းမှစတင်သင်ကြားရန် ဆုံးဖြတ်ခဲ့ပြီး အချို့ကျောင်းများသည် ကျောင်းတွင်ပင် အချိန်ပြည့် သင်ကြားကြသည်။ ကျောင်းအနည်းစုမှာ နှစ်မျိုးရောပုံစံဖြင့်သင်ကြားလျက်ရှိသည်။  

အမေရိကန်ကလေးအထူးကုနှင့် ကလေးဆေးရုံများအသင်းအဖွဲ့၏ ဩဂုတ်လထုတ် အစီရင်ခံစာအပါအဝင် လေ့လာမှုများစွာအရ  ကိုရိုနာဗိုင်းရပ်စ်က ကလေးများကို မည်သို့ အလွယ်တကူ ကူးစက်ပျံ့နှံ့နိုင်ကြောင်း ဖော်ပြခဲ့ကြသည်။  

Coombs က သူမ၏သားအပါအဝင် ကလေးများသည် လူကိုယ်တိုင် လက်တွေ့သင်ကြားမှု မရရှိကြသဖြင့် စိတ်ဝေဒနာခံစားနေရသည်ဟု ဆိုသည်။  

“ပညာရေးက ဒီကလေးတွေအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ တစ်နဲ့တစ်ပေါင်းရင် နှစ်ရတယ်ဆိုတာထက် ပိုပါတယ်။ ပတ်ဝန်းကျင်ဝင်ဆံ့စေမှုနဲ့ လက်တွေ့သင်ကြားမှုအတွေ့အကြုံက အခြေခံမူလတန်းကလေးတွေအတွက် အကောင်းဆုံးသင်ယူနိုင်တဲ့နည်းလမ်းတွေပါ” ဟု ကလေး လေးယောက်မိခင်ဖြစ်သူ Combs က ပြောသည်။  

“အိမ်မှုကိစ္စတွေလည်းလုပ်နေရတယ်။ နို့စို့အရွယ် ကလေးကလည်းရှိနေမယ်။ ဆရာ/ဆရာမတွေဆီကလည်း တစ်နေ့ကို အီးမေးလ် အစောင် ၅၀၀၀ လောက်ဝင်တယ်။ အက်ပလီကေးရှင်း၊ ကုဒ်၊ ပလက်ဖောင်းအမျိုးမျိုးတွေကို လည်း သုံးနေရတယ်။ တချို့ link တွေကလည်း မကောင်းဘူး။ Laptop တွေ ပြောင်း,ပြောင်းပြီးသုံးနေရတယ်” ဟု Combs က ဆိုသည်။  

ထိုဒုက္ခများကို တတ်နိုင်သမျှ အဆင်ပြေအောင် ကြိုးစားလုပ်ဆောင်နေကြသော ဆရာ/ဆရာမများကိုလည်း ကျေးဇူးတင်ကြောင်း Coombs ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly