လူမျိုးရေးခွဲခြားမှုဆန္ဒပြပွဲ၌ မာတင်လူသာကင်း၏သား တက်ရောက်မိန့်ခွန်းပြော

လူမျိုးရေးခွဲခြားမှုဆန္ဒပြပွဲ၌ မာတင်လူသာကင်း၏သား တက်ရောက်မိန့်ခွန်းပြော

ဩဂုတ် ၂၉  

လူဖြူလူမည်း တန်းတူအခွင့်အရေးရရှိရေးဦးဆောင်လှုပ်ရှားခဲ့တဲ့ အာဖရိကန်-အမေရိကန် တစ်ဦးဖြစ်သူ မာတင်လူသာကင်းဂျူနီယာရဲ့သား မာတင်လူသာကင်း (III) ဟာ ဩဂုတ်လ ၂၈ ရက်က သူ့ရဲ့ဖခင် သမိုင်းဝင်မိန့်ခွန်း ပြောကြားခဲ့တဲ့ ၅၇ နှစ်မြောက်နှစ်ပတ်လည်အဖြစ် ဝါရှင်တန်က လင်ကွန်းအထိမ်းအမှတ်အဆောက်အအုံရှေ့မှာ အမေရိကန်ပြည်သူတွေကို အားပေးစကားပြောကြားခဲ့ပါတယ်။

အဆိုပါပွဲကို လူဖြူရဲတွေရဲ့လက်ချက်ကြောင့်သေဆုံးသွားခဲ့ကြတဲ့ ဂျော့ချ်ဖလွိုက်၊ ဂျေကော့ဘလိတ် တို့ရဲ့ ဆွေမျိုးတွေအပါအဝင် လူ့အခွင့်အရေးလှုပ်ရှားသူ အယ်လ်ရှာပတန် တို့လည်း တက်ရောက်ခဲ့ကြပါတယ်။  

မာတင်လူသာကင်း (III) ဟာ လူဖြူလူမည်းအကြား တရားမျှတမှု မရှိတာတွေကို ဆက်လက်တိုက်ပွဲဝင်သွားဖို့ အမေရိကန်တွေကို တိုက်တွန်းခဲ့ပြီး လာမယ့်နိုဝင်ဘာရွေးကောက်ပွဲမှာ သမ္မတဒေါ်နယ်ထရမ့်ကို မဲမပေးကြဖို့ ပြောဆိုခဲ့ပါတယ်။

မာတင်လူသာကင်း (III) က “ကျွန်တော်တို့ဟာ တရားမျှတမှုရဖို့အတွက် ကြမ်းတမ်းပေမယ့် မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ရှေ့ဆက်လှမ်းနေကြတာပါ။ ကျွန်တော့်အဖေပြောခဲ့တဲ့ ဆင်းရဲမွဲတေမှု၊ လူမျိုးရေးခွဲခြားမှုနဲ့ အကြမ်းဖက်မှုစတဲ့ မကောင်းတဲ့ အနိဋ္ဌာရုံတွေကို ကျော်လွှားဖို့ ကျွန်တော်တို့ ချီတက်ရမှာပါ” လို့ပြောခဲ့ပါတယ်။   

ဂျော့ဖလွိုက်ရဲ့အစ်ကိုနဲ့ ဂျေကော့ဘလိတ်ရဲ့အဖေတို့လည်း လူမျိုးရေးခွဲခြားမှုတွေကို တိုက်ဖျက်ကြဖို့ တိုက်တွန်းပြောဆိုခဲ့ကြပါတယ်။  

မိန့်ခွန်းတွေပြောလို့ပြီးတဲ့အခါမှာ ဆန္ဒပြလူအုပ်ကြီးဟာ အနီးက မာတင်လူသာကင်းအထိမ်းအမှတ်အဆောက်အအုံဆီ ဆက်ပြီး ချီတက်ခဲ့ကြပါတယ်။

 

သောကြာနေ့က ဝါရှင်တန်မှာ ဆန္ဒပြသူထောင်ပေါင်းများစွာဟာ လူမျိုးရေးခွဲခြားမှုနဲ့ ရဲတွေရဲ့ လူမဆန်တဲ့လုပ်ရပ်တွေ အဆုံးသတ်ဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

ရဲလက်ချက်ကြောင့် ဂျော့ဖလွိုက်သေဆုံးခဲ့လို့ အမေရိကန်မှာ တရားမျှတမှုတောင်းဆိုတဲ့ ဆန္ဒပြပွဲတွေပေါ်ပေါက်ပြီးတဲ့နောက် ပြီးခဲ့တဲ့သီတင်းပတ်ကုန်က ကန်နိုရှာမြို့မှာ လူမည်းတစ်ဦးဖြစ်တဲ့ ဂျေကော့ဘလိတ်ကို ရဲတွေက နောက်ကနေ သေနတ်နဲ့အချက်ပေါင်းများစွာပစ်ခဲ့ပါတယ်။

ဘလိတ်ကို ဆေးရုံတင်ထားရပြီး လမ်းလျှောက်နိုင်တော့မှာမဟုတ်တော့ဘူးလို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly