ဂျပန်ဝန်ကြီးချုပ် အာဘေး ရာထူးမှနှုတ်ထွက်မှုအပေါ် နိုင်ငံတကာမှတုံ့ပြန်မှုများ

ဂျပန်ဝန်ကြီးချုပ် အာဘေး ရာထူးမှနှုတ်ထွက်မှုအပေါ် နိုင်ငံတကာမှတုံ့ပြန်မှုများ

ဩဂုတ် ၂၉

ဂျပန်နိုင်ငံ၏ဝန်ကြီးချုပ်အဖြစ်သက်တမ်းအကြာမြင့်ဆုံးထမ်းဆောင်ခဲ့သည့် ရှင်ဇို အာဘေး သည် ကျန်းမာရေးချို့တဲ့လာသဖြင့် ရာထူးမှနှုတ်ထွက်လိုက်သည်ဟုပြောကြားခဲ့ပါသည်။

သောကြာနေ့က အာဘေး ၏ကြေညာချက်ထွက်ပေါ်လာပြီးနောက် ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံရေးနှင့် စီးပွားရေးခေါင်းဆောင်တို့၏ ပြောကြားချက်များကိုစုစည်းတင်ပြလိုက်ပါသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က ကျွန်တော့ရဲ့မိတ်ဆွေကောင်းဖြစ်တဲ့ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေး  ကိုလေးလေးစားစားနဲ့နှုတ်ဆက်ပါတယ်၊ သူနှုတ်ထွက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးအရမ်းကို စိတ်မကောင်းဖြစ်မိပါတယ် ဟုပြောကြားခဲ့ပါသည်။

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်စ်ဂျွန်ဆင် က ရှင်ဇိုအာဘေး ဟာဂျပန်ဝန်ကြီးချုပ်အဖြစ် သူ့နိုင်ငံနဲ့ကမ္ဘာကြီး အတွက် ကောင်းမွန်တဲ့ကိစ္စတွေကိုအောင်မြင်အောင်လုပ်နိုင်ခဲ့ပါတယ်၊ သူ့ရဲ့ခေါင်းဆောင်မှုအောက်မှာ ဗြိတိန်-ဂျပန် ဆက်ဆံရေးဟာ ကုန်သွယ်ရေး၊ ကာကွယ်ရေး နဲ့ယဉ်ကျေးမှုဆိုင်ရာကဏ္ဍတွေမှာပိုမိုခိုင်မာ လာခဲ့ပါတယ်။ အဆွေတော် တာဝန်ထမ်းဆောင်ခဲ့တဲ့ကာလတွေအတွက် ကျေးဇူးတင်ပါကြောင်းနဲ့ ကျန်းမာရေးကောင်းမွန်လာပါစေကြောင်းဆုတောင်းပါတယ် ဟု တွီတာတွင်ရေးသားဖော်ပြခဲ့ပါသည်။

ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အနေနဲ့ရာထူးကနှုတ်ထွက်ဖို့ဆုံးဖြတ်ခဲ့တဲ့အတွက်ရုရှားအစိုးရမှစိတ်မကောင်း  ဖြစ်မိပါတယ်။ အာဘေး နဲ့ ရုရှားသမ္မတ ဗလာဒီမီယာပူတင် တို့အကြားဆက်ဆံရေးဟာ အလွန်တရာ အဆင်ပြေချောမွေ့ခဲ့ပါတယ် ဟု ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဘ် မှပြောကြားခဲ့ သည်။

ထိုင်ဝမ်သမ္မတ ဆိုင် အင်-ဝမ် က ဝန်ကြီးချုပ် အာဘေး ဟာ ထိုင်ဝမ် နိုင်ငံသားတို့ရဲ့အကျိုးစီးပွားနဲ့ နိုင်ငံရေး သို့မဟုတ် အခွင့်အရေး ကိစ္စတို့မှာ ထိုင်ဝမ် နိုင်ငံရဲ့ထာဝရမိတ်ဆွေကောင်းဖြစ်ခဲ့ပါတယ်။ အာဘေး ဟာအလွန်တရာ အပြုသဘောဆောင်သူဖြစ်ပါတယ်။ ထိုင်ဝမ် အပေါ်သူ့ရဲ့ခင်မင်ရင်းနှီးမှု ကိုတန်ဖိုးထားပြီး ကျန်းမာရေးကောင်းမွန်လာလိမ့်မယ်လို့မျှော်လင့်ပါတယ် ဟုပြောကြားခဲ့သည်။

တောင်ကိုရီးယားသမ္မတ အိမ်ပြာတော်မှ ပြောရေးဆိုခွင့်ရှိသူ ကန်မင်-ဆွတ် က ဝန်ကြီးချုပ် အာဘေး ရုတ်တရက်နှုတ်ထွက်တာကြောင့် စိတ်မကောင်းဖြစ်ရပါတယ်။ အာဘေး ဟာဂျပန်နိုင်ငံရဲ့သက်တမ်း

အရှည်ဆုံးဝန်ကြီးချုပ်အဖြစ် အောင်မြင်မှုတွေအများကြီးရရှိခဲ့ပြီး အထူးသဖြင့် တောင်ကိုရီးယား နဲ့ ဂျပန် ၂ နိုင်ငံဆက်ဆံရေးမှာ အဓိကနေရာကနေ ဆောင်ရွက်ခဲ့ပါတယ်။ဝန်ကြီးချုပ်ရဲ့ကျန်းမာရေး အမြန်ဆုံး ပြန်လည်ကောင်းမွန်လာစေဖို့ဆုတောင်းပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ ဂျပန် ဝန်ကြီးချုပ်သစ်၊ အစိုးရအဖွဲ့သစ်တို့နဲ့ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ် ဟုပြောကြား ခဲ့ပါသည်။

ကိုရီးယားစက်မှုလုပ်ငန်းများအဖွဲ့ချုပ် ဒုတိယဥက္ကဌ ကွမ်တေး-ရှင် က သမ္မတ မွန်းဂျေအင်း နဲ့ အာဘေး တို့မှာကိုယ်ရေးကိုယ်တာဆက်ဆံရေးမရှိခဲ့ပါဘူး။ဂျပန်အစိုးရအဖွဲ့သစ်တက်လာတဲ့အခါ ၂ နိုင်ငံဆက်ဆံ ရေးတိုးတက်လာအောင် သမ္မတ မွန်း ကအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ပါလိမ့်မယ်၊ ကိုဗစ်၁၉ရောဂါ ဖြစ်ပွားနေတာကြောင့် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးနဲ့စီးပွားရေးကိစ္စတွေမှာ အခက်အခဲဖြစ်နေသလို မလိုအပ်တဲ့သံတမန်ရေးနဲ့ကုန်သွယ်ရေးပဋိပက္ခများဟာ  ၂ဘက်လုံးအတွက်အထောက်အပံ့မဖြစ်တာကို တောင်ကိုရီးယား နှင့် ဂျပန် တို့ကလက်ခံထားကြပါတယ် ဟု‌ပြောကြားခဲပါသည်။

ဂျပန် နိုင်ငံရှိ ဂျာမန် စက်မှုနှင့်ကုန်သည်ကြီးများအသင်း အမှုဆောင်အရာရှိချုပ် မားကပ်စ် ရှားမန်း က အာဘေး ဟာကောင်းမွန်တဲ့လုပ်ရပ်တွေအများကြီးလုပ်ခဲ့ပါတယ်၊ နျူကလီးယားလက်နက်ဖျက်သိမ်း ရေးနဲ့ လွတ်လပ်စွာကုန်သွယ်ရေးကိစ္စတွေမှာ အဓိကပုဂ္ဂိုလ်အနေနဲ့ဆောင်ရွက်ခဲ့ပြီး ဂျပန် နိုင်ငံကို ကမ္ဘာ့ဇာတ်ခုံပေါ်ပြန်ရောက်အောင်လုပ်ပေးခဲ့ပါတယ်၊ဂျပန် ဟာသိသိသာသာတိုးတက်လာပြီးကမ္ဘာ့ တတိယစီးပွားရေးအင်အားကြီးနိုင်ငံအဖြစ်ထိုက်ထိုက်တန်တန် အသိအမှတ်ပြုခံရတာဖြစ်ပါတယ် ဟုပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly