အလုပ်လက်မဲ့ဦးရေမြင့်တက်လာတဲ့ အာဖဂန်မှာ ဘိန်းစိုက်ပျိုးရေးလုပ်သား များပြားလာ

အလုပ်လက်မဲ့ဦးရေမြင့်တက်လာတဲ့ အာဖဂန်မှာ ဘိန်းစိုက်ပျိုးရေးလုပ်သား များပြားလာ

ဩဂုတ် ၂၉  

အာဖဂန်နစ္စတန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကိုကာကွယ်ဖို့ လော့ဒေါင်းတွေချမှတ်ထားကာ စီးပွားရေးလုပ်ငန်းနဲ့ ကျောင်းတွေလည်းပိတ်ထားတာကြောင့် ပြည်သူတွေဟာ ဝင်ငွေရရှိဖို့ ဘိန်းစိုက်ပျိုးတဲ့လုပ်ငန်းတွေဆီ မျှားဦးလှည့်ခဲ့ကြရပါတယ်။

အာဖဂန်ဟာ ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုးမှုအမြင့်မားဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကမ္ဘာ့ဘိန်းရောင်းဝယ်မှုရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို ထုတ်လုပ်ပေးလျက်ရှိပါတယ်။

ဘိန်းစိုက်ပျိုးထုတ်လုပ်သူတွေဟာ ရိတ်သိမ်းရာသီဖြစ်တဲ့ နွေဦးနဲ့ နွေရာသီမှာ ရာသီအလိုက်အလုပ်သမားအင်အားအပေါ် အများအားဖြင့် အားကိုးနေရပေမယ့် ကိုရိုနာဗိုင်းရပ်ပ်စ်ကပ်ရောဂါကြောင့် အလုပ်သမားအတော်များများက လုပ်ငန်းခွင်ကို မလာချင်ကြတာ ဒါမှမဟုတ် အပြင်ထွက်လို့မရတာတွေ ဖြစ်နေကြပါတယ်။

ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ ဇွန်လ အစီရင်ခံစာအရ အိမ်နီးချင်း ပါကစ္စတန်နိုင်ငံနဲ့ နယ်စပ်တွေပိတ်ထားတဲ့အတွက် အာဖဂန်အနောက်ပိုင်းနဲ့တောင်ပိုင်းပြည်နယ်တွေမှာ အလုပ်သမားရှားပါးမှုတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။

အာဖဂန်မှာ စာသင်ကျောင်းတွေလည်း ပိတ်ထားရတာကြောင့် ကျောင်းသားတွေဟာလည်း ဝင်ငွေရနိုင်ဖို့ ဘိန်းစိုက်ခင်းတွေမှာ အလုပ်လုပ်နေကြတာပါ။  

ဘိန်းစိုက်တောင်သူတစ်ဦးဖြစ်တဲ့ အာမက်က “ဘိန်းက အန္တရာယ်များတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒါပေမယ့် ငွေရေးကြေးရေးပြဿနာဖြေရှင်းဖို့ စိုက်ပျိုးနေကြရတာပါ။ အလုပ်အကိုင်လည်းမရှိတဲ့အတွက် ဒီရာသီမှာ ဘိန်းတွေစိုက်နေကြတာပါ” လို့ဆိုပါတယ်။  

နောက်ထပ်ဘိန်းစိုက်တောင်သူဖြစ်တဲ့ ခါဒါကလည်း “ ပြီးခဲ့တဲ့နှစ်တွေက ဘိန်းရိတ်သိမ်းတဲ့ရာသီမှာ အလုပ်သမားတွေကို ခေါ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ လူငယ်ယောကျ်ားလေးတွေ၊ ကျောင်းသားတွေ၊ ဘာသာရေးကျောင်းက ကောင်လေးတွေ ဘိန်းစိုက်ခင်းမှာ အလုပ်လာလုပ်ကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနဲ့ ကွာရန်တင်းတွေကြောင့် မြို့ထဲတွေမှာလုပ်ငန်းတွေပိတ်ထားလို့ ကျွန်တော်တို့ဆီ ရောက်လာကြတာပါ” လို့ပြောပါတယ်။

အာဖဂန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၃၈ ၀၀၀ ကျော်ရှိပြီး ၁ ၄၀၀ ထက်မနည်း သေဆုံးထားပါတယ်။

ဘိန်းတွေကို နိုင်ငံအရှေ့ဘက်မှာရှိတဲ့ ပါကစ္စတန်နဲ့နယ်စပ်တစ်လျှောက်မှာလည်း စိုက်ပျိုးကြပေမယ့် တာလီဘန်တွေထိန်းချုပ်တဲ့ နိုင်ငံတောင်ပိုင်းမှာ အများဆုံးစိုက်ပျိုးထုတ်လုပ်ကြပါတယ်။  

တာလီဘန်တွေဟာ ဘိန်းစိုက်တောင်သူတွေနဲ့ ဘိန်းကုန်ကူးသူတွေဆီကနေ အခွန်ကောက်ခံပြီး နှစ်ရှည်လများ အကျိုးအမြတ်တွေရရှိနေခဲ့တာဖြစ်ပါတယ်။  ကိုယ်ပိုင်စက်ရုံတွေတည်ဆောက်ကာ မော်ဖင်း၊ ဘိန်းဖြူ စတဲ့ မူးယစ်ဆေးဝါးတွေကို ထုတ်လုပ်ပြီး ပါကစ္စတန်နဲ့ အီရန်စတဲ့ နိုင်ငံတွေကနေတစ်ဆင့် တင်ပို့ရောင်းချနေကြတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly