ဩဂုတ် ၂၈
အလုပ်ရှင်ထွက်ပြေးသွားသော လှိုင်သာယာမြို့နယ်၊ရွှေလင်ဗန်းစက်မှုဇုန်မှ Su Xing Myanmar အထည်ချုပ် စက်ရုံနှင့် ရွှေပြည်သာမြို့နယ်၊စက်မှုဇုန်စက်မှုဇုန် (၂)မှ Myanmar Royal Apollo စက်ရုံက ပစ္စည်းများကို ဈေးနှုန်းသတ်မှတ်ခြင်းမရှိဘဲ လေလံတင်ရောင်းချမည်ဖြစ်သည့်အတွက် နစ်နာကြေးနှင့် လုပ်ခလစာ အပြည့် အဝ မရရှိမည်ကို အလုပ်သမားများက စိုးရိမ်နေကြသည်။
“ဒီပစ္စည်းတွေကို ရောင်းပြီးရင် လုပ်ခလစာ ပြန်ပေးမယ်လို့ ပြောတယ်။ ကျွန်မတို့ သိထားတာက အဲလောက်ပဲ။ အခုလောလောဆယ် တစ်ခုစိုးရိမ်တာက လေလံတင်ပြီးတော့ ရောင်းတဲ့အပေါ်မှာ လုပ်ခလစာ အပြည့်အဝ မရမှာကို စိုးရိမ်တယ်။ သူတို့က ဈေးသတ်မှတ်ထားတာ မရှိဘူးလေ။ အဲဒါကြောင့် အလုပ်သမားတွေက စိုးရိမ်ကြတာ။ ” ဟု Su Xing Myanmar အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်ခဲ့သော မနှင်းအိထွန်းက ပြောသည်။
အဆိုပါ စက်ရုံနှစ်ခုမှ အလုပ်ရှင်များသည် COVID-19ရောဂါကြောင့် ကုန်ကြမ်းပြတ်လပ်သည်ဟုဆိုကာ ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့က အလုပ်သမားများကို လုပ်ခလစာမပေးဘဲ ထွက်ပြေးတိမ်းရှောင်သွားခြင်း ဖြစ်သည်။
ထိုသို့ အလုပ်ရှင်ထွက်ပြေးသွားသည့်အတွက် စက်ရုံနှစ်ရုံမှပစ္စည်းများကို လေလံတင်ရောင်းချရန်အတွက် အရောင်းပစ္စည်းများကို လုပ်ငန်းရှင်များလာရောက်ကြည့်ရှုနိုင်ရန် ဩဂုတ်လ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ ငါးရက်ကြာ အရောင်းဖွင့်ပွဲ ပြုလုပ်ခဲ့သည်။
ထိုသို့ အရောင်းဖွင့်ပွဲပြုလုပ်ထားသော်လည်း ၎င်းအရောင်းဖွင့်ပွဲသို့ လာရောက်ကြည့်ရှု့သည့် လုပ်ငန်းရှင်များမှာ နည်းပါးကြောင်း အလုပ်သမားများက ဆိုသည်။
လက်ရှိတွင် ကိုဗစ်ကာလဖြစ်သည့်အပြင် လေလံဈေးနှုန်းအားသတ်မှတ်ထားခြင်းမရှိသည့်အတွက် အလုပ်သမားများ၏ နစ်နာကြေးနှင့် လုပ်ခလစာအားလုံးအတွက် လုံလောက်သည့် ဈေးနှုန်းရရှိနိုင်မည်မဟုတ် ကြောင်း မြန်မာအလုပ်သမားသမဂ္ဂများပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (CCTU) တွဲဖက်အထွေထွေအတွင်း ရေးမှူး ဦးထွန်းထွန်းနိုင်က ပြောသည်။
“ကျနော်တို့အတွေ့အကြုံအရ သုံးသပ်ကြည့်ရင် သူတို့က လုပ်သက်နစ်နာကြေးတွေ၊ ရဖို့မပြောနဲ့ လုပ်ခလစာတောင် လေလံပစ်တဲ့ ဈေးနှုန်း တစ်ယောက်ချင်းစီ ပြည့်မီအောင် ရမှာမဟုတ်ဘူးလို့ မြင်တယ်။ လေလံဈေးက နည်းမှာပဲလေ။ ဒီကာလကြီးမှာ စက်ရုံတွေက လူလျော့နေတယ်။ ဒီစက်တွေကိုဝယ်မယ့် အထည်ချုပ်လုပ်ငန်းရှင်တွေအတွက်လည်း ပြဿနာတစ်ခုပဲလေ။ တကယ်လို့ ဖြစ်လာမယ်ဆိုရင်လည်း အလုပ်သမားတွေအားလုံးအတွက် လုံလောက်တဲ့ လေလံဈေးနှုန်း ရမှာမဟုတ်ဘူး။ ” ဟု ဦးထွန်းထွန်းနိုင်က ပြောသည်။
လေလံတင်ရောင်းချမည့် ပစ္စည်းများမှာ အပ်ချုပ်စက်များ၊ ပရိဘောဂပစ္စည်းများ၊ လျှပ်စစ်နှင့် ဆက်စပ်ပစ္စည်း များ၊ စက်ချုပ်လုပ်ငန်းသုံး ဆက်စပ်ပစ္စည်းများနှင့် စားပွဲ၊ ထိုင်ခုံစသည့် လုပ်ငန်းသုံးပစ္စည်းများ ပါဝင်သည်။
လှိုင်သာယာမြို့နယ်၊ရွှေလင်ဗန်းစက်မှုဇုန်မှ Su Xing Myanmar အထည်ချုပ်စက်ရုံက ပစ္စည်းများကို ဩဂုတ်လ ၃၁ ရက်နေ့တွင် လေလံတင်ရောင်းချမည်ဖြစ်ပြီး ရွှေပြည်သာမြို့နယ်၊စက်မှုဇုန်စက်မှုဇုန် (၂)မှ Myanmar Royal Apollo စက်ရုံက ပစ္စည်းများကိုမူ စက်တင်ဘာလ ၃ ရက်နေ့တွင် လေလံတင်ရောင်းချ သွား မည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းရှင်များအသင်းဝင် စက်ရုံများတွင် အထည်ချုပ်လုပ်သား စုစုပေါင်း လေး သိန်း ငါးသောင်းခန့် ရှိသည်။
COVID-19 ကာလအတွင်း စက်ရုံများပိတ်သိမ်းမှု၊ အလုပ်ရှင်ထွက်ပြေးမှုကြောင့် ဇန်နဝါရီလမှ စတင်ပြီး အလုပ် သမား တစ်သိန်းခြောက်သောင်းခန့် အလုပ်လက်မဲ့ဖြစ်ခဲ့သော်လည်း မေလတွင် အလုပ်သမား လေးသောင်းခန့်အလုပ်ပြန်လည် ရရှိခဲ့ကြောင်း သိရသည်။