ကိုရိုနာဗိုင်းရပ်စ်က တရုတ်တွင် အစပြုသည် ဆိုသည့်အပေါ် သံသယဖြစ်မိဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးပြော 

ကိုရိုနာဗိုင်းရပ်စ်က တရုတ်တွင် အစပြုသည် ဆိုသည့်အပေါ် သံသယဖြစ်မိဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးပြော 

သြဂုတ် ၂၈ 

ကိုရိုနာဗိုင်းရပ်စ်က တရုတ်နိုင်ငံတွင် ပထမဆုံး အစပြုပေါ်ပေါက်ထားခဲ့သလား ဆိုသည်နှင့်ပတ်သက်၍ မရေရာကြောင်းနှင့် ကျန်းမာရေးပညာရှင်များနှင့် ပြည်ပအစိုးရများ၏ ထင်မြင်ယူဆချက်များအပေါ်လည်း သံသယရှိနေမိကြောင်း တရုတ် နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက သြဂုတ် ၂၇ ရက်တွင် ပြောကြားသွားခဲ့သည်။ 

တရုတ်အစိုးရ၏ ထိပ်တန်းသံတမန်လည်း ဖြစ်သည့် ဝမ်ယီသည် နော်ဝေနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း အထက်ပါအတိုင်း ပြောသွားခဲ့ခြင်း ဖြစ်သည်။ 

တရုတ်နိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် ဖြစ်တည်မှုနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ထံ ပထမဆုံး အကြောင်းကြားခဲ့သည့် နိုင်ငံဖြစ်သော်လည်း ယင်းက ဗိုင်းရပ်စ်သည် တရုတ်တွင် မူလအစပြုခဲ့သည်ဟု မဆိုလိုကြောင်း ဝမ်ယီက ပြောသွားခဲ့သည်။ 

“တကယ်တမ်းဆိုရင် ပြီးခဲ့တဲ့လတွေမှာလည်း ကျွန်တော်တို့ဟာ သတင်းတွေကို တွေ့ထားပါတယ်၊ ဗိုင်းရပ်စ်က ကမ္ဘာပေါ်က မတူညီတဲ့ ဒေသတွေမှာ ပေါ်ထွက်လာခဲ့တယ်ဆိုတဲ့ သတင်းတွေပါ၊ ပြီးတော့ ဗိုင်းရပ်စ်က တရုတ်မှာထက် ပိုစောတဲ့အချိန်ကတည်းက ပေါ်ထားခဲ့နိုင်ပါတယ်” ဟု ဝမ်ယီက သတင်းထောက်များကို ပြောသွားခဲ့သည်။ 

တရုတ်နိုင်ငံ ဝူဟန်မြို့မှ ကျန်းမာရေးအာဏာပိုင်များသည် ကိုရိုနာဗိုင်းရပ်စ် ဖြစ်လာမည့် ပထမဆုံး ကူးစက်မှုဖြစ်စဉ်ကို ဒီဇင်ဘာတွင် ထုတ်ဖော်ခဲ့ပြီး ယင်းဗိုင်းရပ်စ်နှင့်ဆက်နွယ်သည့် ပထမဆုံး အတည်ပြုသေဆုံးမှုကို ဇန်နဝါရီလအစောပိုင်းတွင် ထုတ်ဖော်ခဲ့သည်။ 

“ဗိုင်းရပ်စ်က ပထမဆုံး ဘယ်နေရာကနေ စဖြစ်ခဲ့သလဲ၊ ဘယ်လို စဖြစ်ခဲ့သလဲ ဆိုတာကိုတော့ သိပ္ပံပညာရှင်တွေ၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေပဲ လုပ်သင့်ပါတယ်၊ ဒါကို နိုင်ငံရေးသဘော သက်ဝင်အောင် မလုပ်သင့်သလို ကဲ့ရဲ့အပြစ်ဆိုတာတွေလည်း မရှိသင့်ပါဘူး” ဟု ဝမ်ယီက ပြောဆိုသွားခဲ့သည်။ ယင်းက ကိုရိုနာဗိုင်းရပ်စ်ကို “တရုတ်ဗိုင်းရပ်စ်” ဟု ညွန်းဆိုမှုအတွက် ဝေဖန်ခံထားရသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အပေါ် ပြစ်တင်မှုတစ်ခု ဆိုသည်မှာလည်း ပေါ်လွင်နေသည်။ 

“လူနာအမှတ် ဇီးရိုးက ဘယ်သူလဲ၊ ခုထိ မသိရသေးဘူးလေ” ဟု ဝမ်ယီက ပြောသွားခဲ့သည်။ ဝမ်ယီသည် နော်ဝေသို့ ခရီးစဉ် ရောက်ရှိနေခဲ့ခြင်းဖြစ်ပြီး ယင်းမတိုင်မီ ယခုအပတ်အစောပိုင်းက နယ်သာလန်နှင့် အီတလီသို့လည်း သွားရောက်ထားခဲ့သေးသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required