အကယ်၍ အမေရိကန် က We Chat ကို ပိတ်ပင်ပါက တရုတ်စားသုံးသူများကလည်း  Apple ကိုသပိတ်မှောက်ဖွယ်ရှိသည်ဟု တရုတ် မှသတိပေးပြောကြား

အကယ်၍ အမေရိကန် က We Chat ကို ပိတ်ပင်ပါက တရုတ်စားသုံးသူများကလည်း  Apple ကိုသပိတ်မှောက်ဖွယ်ရှိသည်ဟု တရုတ် မှသတိပေးပြောကြား

ဩဂုတ် ၂၈

အကယ်၍ အမေရိကန် က We Chat ကိုပိတ်ပင်ပါက တရုတ် စားသုံးသူများကလည်း Apple ကို သပိတ်မှောက်ဖွယ်ရှိသည်ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန‌ ပြောရေးဆိုခွင့် ရှိသူက သောကြာနေ့ တွင်သတိပေးပြောကြားလိုက်သည်။ တရုတ် နိုင်ငံမှနာမည်ကျော် လူမှုအက်ပလီကေးရှင်းကို အမေရိကန် မှပိတ်ပင်လိုက်ပြီးနောက် တရုတ် ဘက်မှယခု ကဲ့သို့ပြောကြားလိုက်ခြင်းဖြစ်သည်။

တရုတ် အက်ပလီကေးရှင်းများဖြစ်သည့် We Chat နှင့်  TikTok တို့သည်နိုင်ငံလုံခြုံရေး ကိုခြိမ်းခြောက်နေသည်ဟုစွပ်စွဲပြောကြားကာ စက်တင်ဘာလလယ်ပိုင်းတွင်  အဆိုပါ အက်ပလီကေးရှင်းများကို  ပိတ်ပင်မည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် က ယခုလအတွင်းကြေညာခဲ့သည်။ ထို့ကြောင့် တရုတ် နှင့် အမေရိကန် အစိုးရ ၂ ရပ်အကြား တင်းမာမှုများဖြစ်ပေါ်လာခဲ့သည်။

သို့ရာတွင် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျိုးလီကျင်း က အကယ်၍  We Chat ကိုပိတ်ပင်ပါက တရုတ် တို့ဘက်မှလည်းအကြောင်းပြချက်မရှိပဲ  iPhone နှင့်  apple ထုတ်ကုန်များကို သုံးစွဲတော့မည်မဟုတ်ဟု သောကြာနေ့က တွီတာ တွင်ရေးသားခဲ့သည်။

အကယ်၍ အမေရိကန်အစိုးရ မှ We Chat  ကိုပိတ်ပင်ပါက မိမိတို့ကလည်း iPhone များကို အသုံးပြုတော့မည်မဟုတ်ဟု တရုတ်လူမျိုးများကပြောဆိုနေကြကြောင်း ဖြင့် ကျိုး ကပြောကြားခဲ့သည်။ ဆက်လက်၍ အမေရိကန် အစိုးရသည်တရုတ်အက်ပလီ ကေးရှင်းများကိုပစ်မှတ်ထားခြင်းဖြင့် အမေရိကန်ကုမ္ပဏီမဟုတ်သည့် ကုမ္ပဏီများ ကိုစနစ်တကျစီးပွားရေးအရ အနိုင်ကျင့်နေသည်ဟုစွပ်စွဲပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ်အရေး၊ ဟောင်ကောင်အရေး နှင့် ကိုရိုနာဗိုင်းရပ်ကိစ္စနှင့် ပတ်သက်သည့်ပြစ်တင်ပြောဆိုမှုများအပါအဝင် အရေးကိစ္စများကြောင့် အင်အားကြီး နိုင်ငံများအကြားအငြင်းပွားမှုများဖြစ်ပေါ်နေချိန်တွင်  အမေရိကန် ထုတ်ကုန်ကိုသပိတ် မှောက်မည်ဟု တရုတ်အစိုးရမှ ပြောကြားလာခြင်းဖြစ်သည်။

တရုတ် လူမှုကွန်ယက်အသုံးပြုသူများသည် ကျိုး ၏တွီတာမှသတိပေးချက်ထွက်ပေါ် လာ ခြင်းကြောင့်စိတ်ရှုပ်ထွေးမှုများဖြစ်ပေါ်လျက်ရှိသည်။

ကျွန်တော်က Apple သုံးတဲ့သူဖြစ်ပေမယ့် နိုင်ငံကိုလည်းချစ်တယ် ၊ ဒါကသဘောထား ကွဲလွဲရမယ့်ကိစ္စမဟုတ်ပါဘူး  ဟုတရုတ်လူမှုကွန်ယက်ဖြစ်သည့်  Weibo သုံးစွဲသူတစ်ဦး မှပြောကြားခဲ့သည်။

Apple ဘယ်လောက်ကောင်းကောင်းကိစ္စမရှိဘူး ဖုန်းတစ်လုံးပါပဲ အစားထိုးလို့ရပါတယ်  ဒါပေမယ့် We Chat ကတော့မတူဘူးလေ We Chat သာမရှိရင် ခေတ်သစ်တရုတ်လူမျိုး တွေအတွက် အထူးသဖြင့်စီးပွားရေးသမားတွေအတွက် စိတ်ဝိဉာဉ်ပျောက်သွားသလိုဖြစ် လိမ့်မယ် ဟု Weibo သုံးစွဲသူနောက်တစ်ဦးကပြောကြားသည်။

Wechat  ကိုသုံးစွဲသူလူပေါင်း ၁.၂ ဘီလီယံကျော်ရှိနေသည်။

အမေရိကန်တစ်ဝန်းလုံးရှိလုပ်ငန်းများတွင် Wechat ကိုအသုံးပြုခြင်း နှင့် ၎င်းကိုသုံး၍ စီးပွားရေးလုပ်ငန်းများလုပ်ဆောင်ခြင်းကို ရပ်တန့်ရန် ထရန့် ကအမိန့်ထုတ်ပြန်ခဲ့သည်။

ကောင်တာပွိုင့် သုတေသန အဖွဲ့၏ အချက်အလက်အရ ၂၀၂၀ ခုနှစ် ဒုတိယ လပတ် အတွင်း တရုတ် စမတ်ဖုန်းဈေးကွက်အတွင်း  Apple  သည် Huawei နောက်မှနေ၍ ဈေးကွက်ဝေစု ၈ ရာခိုင်နှုန်း ရရှိထားသည်ဟု သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly