ပိုးကြာချည်ရက်လုပ်တဲ့ ဗီယက်နမ်က စွန့်ဦးတီထွင်သူ 

ပိုးကြာချည်ရက်လုပ်တဲ့ ဗီယက်နမ်က စွန့်ဦးတီထွင်သူ 

ဟနွိုင်း၊ ဩဂုတ် ၂၈  

ဗီယက်နမ်က အသက် ၆၅ နှစ်အရွယ် ဖန်သီသွမ်ဆိုတဲ့ အမျိုးသမီးကြီးတစ်ဦးဟာ သူ့ရဲ့ဘွားလေး လက်ဆင့်ကမ်းသင်ပေးခဲ့တဲ့ ရက်ကန်းအလုပ်ကို လုပ်ကိုင်နေသူဖြစ်ပါတယ်။ 

သူ့ဘွားလေးဟာ ကိုလိုနီခေတ်တုန်းက ရိုးရာပိုးထည်တွေကို ပြင်သစ်နိုင်ငံဆီ တင်ပို့ရောင်းချခဲ့သူတစ်ယောက်ပါ။ သွမ်ဟာ ဟနွိုင်းမြို့ရဲ့ ဆင်ခြေဖုံး ရွာတစ်ရွာမှာ အသက် ခြောက်နှစ်လောက်ကစပြီး ရက်ကန်း စရက်ခဲ့တာဖြစ်ပါတယ်။  

ပြီးခဲ့တဲ့သုံးနှစ်လောက်က သွမ်ဟာ အနီးအနားက လယ်ကွင်းတွေထဲမှာ ကြာဖူးချိုးသူတွေပစ်ထားတဲ့ ကြာရိုးတွေကို တွေ့မြင်ပြီး အခွင့်အရေးအသစ်တစ်ခုရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။  

ဖက်ရှင်ဒီဇိုင်နာတွေက  ဝယ်လိုအားမြင့်နေတဲ့ ပိုးကြာချည်ထည်တွေကို ရက်လုပ်တဲ့ ကြာရိုးထဲက ကြာချည်အမျှင်တွေကို စတင်ပြီး စုဆောင်းခဲ့ပါတယ်။  

သွမ်ဟာ မိန်းကလေးအလုပ်သမား ၂၀ လောက်နဲ့ လယ်ကွင်းထဲက ကြာရိုးတွေကို လိုက်ဆယ်ခဲ့ပြီး အရိုးတွေချိုး ကြာမျှင်လေးတွေကိုဆွဲထုတ်ပြီး ချည်အဖြစ် ရက်လုပ်ခဲ့ပါတယ်။ 

အပင်ပန်းခံလုပ်ရတဲ့အလုပ်ဖြစ်ပြီး ပဝါအကြီးတစ်ထည်ရဖို့ ကြာရိုးပေါင်း ၉ ၂၀၀ လောက်လိုအပ်ကာ တစ်ယောက်တည်းရက်လုပ်ပါက နှစ်လအထိကြာတယ်လို့ သိရပါတယ်။  

သွမ်က ကြာချည်ထည်တွေရက်လုပ်တဲ့အတွက် အကျိုးကျေးဇူးရရှိပုံတွေကို ခုလိုပြောပြပါတယ်။ 

“ ကြာချည်ထည်တွေလုပ်တာ အကျိုးကျေးဇူးအများကြီးရှိပါတယ်။ ပထမဦးဆုံး ကြာစိုက်တဲ့သူတွေ ဝင်ငွေပိုရလာတယ်။ ဒုတိယအချက်က ဒေသခံတွေအတွက် အလုပ်အကိုင်တွေရှိလာတယ်။ နောက်တစ်ချက်က လွှင့်ပစ်လိုက်မယ့်ကြာရိုးတွေကို လှပတဲ့ ပိုးကြာချည်လေးတွေရက်လုပ်လိုက်တော့ ပတ်ဝန်းကျင်ညစ်ညမ်းမှုလည်း လျော့ကျစေပါတယ်။ ပိုးကြာချည်ထည်တွေ ရက်လုပ်ပို့ မျိုးဆက်သစ်တွေကိုလည်း ကျွန်မ သင်ပေးသွားမှာပါ။ အထူးသဖြင့် နွေကျောင်းပိတ်ရက်တွေမှာ ကလေးတွေကိုသင်ပေးမှဦပါ။ သူတို့က ဉာဏ်လည်းကောင်းတယ်။ အလုပ်လုပ်တာလည်းသွက်ပြီး တီထွင်ဖန်တီးနိုင်စွမ်းရှိတယ်လေ”  

သာမန်ပိုးပဝါတည်တစ်ထည်ကို အမေရိကန်ဒေါ်လာ ၂၀ လောက်ပေးရချိန်မှာ ကြာချည်ပါတဲ့ ပိုးပဝါတစ်ထည်ကို ၁၀ ဆလောက်ဈေးရတယ်လို့ သွမ်က ပြောပါတယ်။  

ပိုးကြာချည် အထည်တွေကို မြန်မာနဲ့ကမ္ဘောဒီးယားလို နိုင်ငံအနည်းငယ်မှာသာရနိုင်ပြီး ဗီယက်နမ်မှာတော့ သွမ်က စွန့်ဦးတီထွင်လုပ်ဆောင်တဲ့သူတစ်ဦးဖြစ်ပါတယ်။  

သီးနှံပင်ရိတ်သိမ်းနည်းပညာတွေ တီထွင်ထုတ်လုပ်ဖို့ သုံးနှစ်စီမံကိန်းလုပ်ဆောင်နေတဲ့ သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနကလည်း သွမ်ရဲ့လုပ်ငန်းကို ကူညီထောက်ပံ့ပေးထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly