ရခိုင်ပြည်နယ်တွင် ရိက္ခာမပြတ်စေရဟု ဒေါ်အောင်ဆန်းစုကြည် ကတိပြုပြောကြား

ရခိုင်ပြည်နယ်တွင် ရိက္ခာမပြတ်စေရဟု ဒေါ်အောင်ဆန်းစုကြည် ကတိပြုပြောကြား

သြဂုတ် ၂၈

လတ်တလော ကိုဗစ်-၁၉ ရောဂါ ပြန့်နှံ့မှု အဖြစ်များနေသည့် ရခိုင်ပြည်နယ်တွင် ရိက္ခာမပြတ်စေရန် အစိုးရအနေဖြင့် 'ရဲရဲကြီး' အာမခံကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကတိပြုပြောကြားလိုက်သည်။

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်း၍ ပုံမှန်အစီအစဉ်တစ်ခုဖြစ်သော သြဂုတ် ၂၈ရက်နေ့က ပြုလုပ်သည့် အွန်လိုင်းဆွေးနွေးမှုတွင် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်နှင့် စစ်တွေမြို့သို့ စေတနာ့ဝန်ထမ်းအဖြစ်ရောက်ရှိနေသည့် စောသော်မိုးအယ်တို့နှင့် ဆွေးနွေးပွဲတွင် ထဲ့သွင်းပြောသွားခြင်းဖြစ်သည်။
 
ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ပြည်နယ်တွင်း စားနပ်ရိက္ခာပြတ်လပ်မည်ကို စိုးရိမ်မှုရှိနေကြောင်း ပြောဆိုမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

"ရိက္ခာကတော့ ကျွန်မအနေနဲ့ ပြည်ထောင်စု အစိုးရကိုယ်စား ရဲရဲကြီးပြောနိုင်ပါတယ်။ ရိက္ခာက မပြတ်စေရပါဘူး။ ရခိုင်ပြည်နယ်မှာ ရိက္ခာမပြတ်စေရပါဘူး။ လိုတဲ့ ရိက္ခာတွေကို ရတဲ့နည်းနဲ့ဖြစ်အောင်လို့ ပို့ပေးပါမယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ရခိုင်ပြည်နယ်တွင် သြဂုတ် ၁၆ရက်မှစတင်ကာ ကိုဗစ်-၁၉ရောဂါ ဒေသတွင်းကူးစက်မှုပြန်လည်ဖြစ်ပွားခဲ့ပြီး ၁၀ရက် အတွင်း ကူးစက်ခံရသူ ၂၁၉ ဦးအထိရှိပြီဖြစ်သည်။ လူဦးရေ သုံးသန်းကျော်ရှိသည့် ရခိုင်ပြည်နယ်တစ်ခုလုံးတွင်  ယမန်နေ့နံနက်ကစ၍ နေအိမ်တွင်းနေကြရန် stay at home အမိန့်ကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။

ရခိုင်ပြည်နယ်ထဲက ထွက်လာသည့်သူများကို အသွားအလာကန့်သတ်စောင့်ကြည့်မှု ကွာရန်တင်းဝင်ရန် အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များက ကန့်သတ်လာခဲ့သည့်အတွက် ပြည်နယ်တွင်း ကုန်စည်စီးဆင်းမှုပြတ်တောက်မှာကို စိုးရိမ်လာခဲ့ကြသည်။
 
"ကျွန်တော်တို့ ရခိုင်ပြည်နယ်ကို ကန့်သတ်ပြီးတော့ အပြင်မထွက်ရဆိုတာ ချမှတ်လိုက်တဲ့အခါမှာ ဒီရောဂါကလည်း ပျံ့ပွားမှုက မြန်တယ်ဆိုတဲ့အခါမှာ အခြားတိုင်းနဲ့ပြည်နယ်တွေ အထူးသဖြင့် ကျွန်တော်တို့နဲ့ ဆက်စပ်နေတဲ့ မကွေးတို့၊ ပဲခူးတို့၊ ဧရာဝတီတို့က ပိတ်ပင်ကန့်သတ်မှုတွေလုပ်တဲ့အခါမှာ အခုဒီမှာ ပြည်သူတွေက အပြင်လည်း မထွက်ရဘူး။ အလုပ်မလုပ်နိုင်ဘူး။ ဒီအပေါ်မှာ ကုန်စည်စီးဆင်းမှုတွေမလာဘူး။ စားနပ်ရိက္ခာတွေ ပြတ်လပ်မှာကို စိုးရိမ်တဲ့အနေအထားရှိပါတယ်။ အဲ့အနေအထားကြောင့် ခုနက ကျွန်တော်တို့နဲ့နီးစပ်နေတဲ့ တိုင်းတွေကနေပြီးတော့ ဒီကုန်စည်စီးဆင်းမှုတွေ အထူးသဖြင့် ကားအသွားအလာတွေကို ကျွန်တော်တို့ဘက်က သွားခွင့်မရတဲ့အနေအထားမျိုးတွေ ပိတ်ပင်တားမြစ်ထားတဲ့အခါမှာ စိုးရိမ်မှုတွေက ပိုပြီး များလာတဲ့အနေအထားမှာရှိပါတယ်"ဟု ဦးညီပုက ထဲ့သွင်းပြောဆိုခဲ့သည်။

လောလောဆယ်တွင် ပြည်နယ်မြို့တော် စစ်တွေမြို့တွင် ဝင်ငွေနည်းပါးသည့် အိမ်ထောင်စုပေါင်းသုံးသောင်းအတွက်  အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် နှစ်သောင်းကျပ်အား ရခိုင် ပြည်နယ်အစိုးရမှ ထောက်ပံ့နေသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ရောဂါနဲ့ပတ်သက်ပြီး လိုအပ်သည့် ပစ္စည်းများ၊ ကျန်းမာရေးအတွက် လိုအပ်ချက်များအတွက် ပြည်ထောင်စုအစိုးရမှ ၁၄.၈ ဘီလီလျံ၊ ပြည်နယ်အစိုးရမှ ၁.၅၆၆ ဘီလီလျံ၊ လူကယ်ပြန်ဝန်ကြီးဌာမှ ၃၁၁.၄ သန်း သုံးစွဲထားပြီး စုစုပေါင်း ၁၆.၇ ဘီလီလျံ သုံးစွဲထားကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ငွေရေးကြေးရေး လိုသလောက်ထောက်ပံ့မည်ဟု အွန်လိုင်းဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည်။
 
ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၁ မြို့နယ်တွင် သြဂုတ် ၂၈ ရက် နံနက်ပိုင်းအထိ ၂၁၉ ဦး ကူးစက်ခံထားရကာ စစ်တွေမြို့တွင် ၁၃၉ ဦး၊ မြောက်ဦးမြို့တွင် ၁၄ ဦး၊ သံတွဲမြို့တွင် နှစ်ဦး၊ ဘူးသီးတောင်မြို့တွင် ခြောက်ဦး၊ ကျောက်ဖြူမြို့တွင် ခုနှစ်ဦး၊ ပေါက်တောမြို့တွင် ၁၄ ဦး၊ မင်းပြားမြို့တွင် ငါးဦး၊ ပုဏ္ဏားကျွန်းမြို့တွင် တစ်ဦး၊ မြေပုံမြို့တွင် ခြောက်ဦး၊ မောင်တောမြို့တွင် ၁၉ ဦးနှင့် ကျောက်တော်မြို့တွင် ခြောက်ဦးတို့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required