ကိုယ်အပူချိန်များနေသူ ၁ ဦး အောင်ဆန်းကွင်းအနီးတွင် စွန့်ပစ်ခံရ

ကိုယ်အပူချိန်များနေသူ ၁ ဦး အောင်ဆန်းကွင်းအနီးတွင် စွန့်ပစ်ခံရ
Photo Creadit - ကြယ်စင်လင်းလက် လူမှုကူညီရေးအသင်း

သြဂုတ် ၂၇ရက်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်ဆန်းကွင်းအနီးတွင် သြဂုတ် ၂၇ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် ကိုယ်အပူချိန်များနေသည့် စစ်မှုထမ်းဟောင်း အမျိုးသားတစ်ဦး စွန့်ပစ်ခံရမှုဖြစ်ပွားခဲ့ကြောင်း ကြယ်စင်လင်းလက် လူမှုကူညီရေးအသင်းမှ သိရသည်။

ထိုစွန့်ပစ်ခံရသူအမျိုးသားမှာ အသက် ၅၆ နှစ်အရွယ်ဖြစ်ပြီး ရှမ်းပြည်နယ် မိုင်းတုံမြို့မှ မှတ်ပုံတင်ကိုင်ဆိုင်ထားသူဖြစ်ကြောင်း သိရသည်။

"သူကလာပြီးတော့ စွန့်ပစ်သွားတာလို့ပြောတယ်။ ဆိုက္ကားသမားတွေမြင်တာတော့ ကားပေါ်ကနေပြီးတော့ ထားခဲ့တယ်ပေါ့။ သူ့ကို ကျွန်မတို့သွားပြီးတော့ စစ်ဆေးတဲ့အချိန်မှာ သူက အဖျား ၁၀၀ ( ဒီဂရီ ) ကျော်လောက်တော့ရှိတယ်။ ရိုးရိုးသူဖျားတာလည်းဖြစ်နိုင်တယ်။ အားလည်းပျက်နေတယ်။ သူ့ကိုစတွေ့တုန်းက ဘယ်လိုပုံစံလဲဆိုတော့  မြက်ခင်းပေါ်မှာ ဒီတိုင်းပဲ ချထားခဲ့တာ။ ဒီတိုင်း ပက်လက်အနေအထားပဲတွေ့တာပါ။ လိပ်စာက မိုင်းတုံမြို့ စစ်ဗျူဟာ အခြေချ စစ်မှုထမ်းဟောင်းပါ" ဟု ကြယ်စင်လင်းလက် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လက်ရှိတွင် အဆိုပါအမျိုးသားအား  ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကာ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly