ရခိုင်ပြည်နယ်က ဆေးရုံတွေရဲ့ လိုအပ်ချက် 

သြဂုတ် ၂၇ ရက် 

ရခိုင်ပြည်နယ်မှာ ကိုဗစ် ၁၉ ရောဂါကူးစက်ခံရသူတွေ ထပ်တိုးလာနေတဲ့အတွက် မြို့နယ်တချို့က ဆေးရုံငယ်တွေမှာ နေရာအခက်အခဲနဲ့ ကာကွယ်ရေးအသုံးအဆောင်ပစ္စည်းတွေ အခက်အခဲရှိလာနိုင်လို့ သက်ဆိုင်ရာ ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။   

ရခိုင်ပြည်နယ်မှာ သြဂုတ်လ ၂၇ရက်နေပ မနက်ပိုင်းအထိ ပိုးတွေ့အတည်ပြုလူနာ ၁၈၆ ဦးရှိနေတာပါ။ 

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဩဂုတ်လ ၂၅ ရက်နေ့နဲ့ ဩဂုတ်လ ၂၆ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာ ရခိုင်ပြည်နယ် ပေါက်တောမြို့က ကိုဗစ် ၁၉ အတည်ပြုလူနာ ၁၃ ဦးပါဝင်ခဲ့ပါတယ်။  

ပေါက်တောဆေးရုံဟာ ကုတင် ၂၅ ဆံ့ ပြည်သူ့ဆေးရုံငယ်ဖြစ်တဲ့အတွက် ကိုဗစ် ၁၉ အတည်ပြုလူနာ ၂၀ ဦးပဲ အများဆုံး ထားလို့ရမှာဖြစ်ပြီး ဒီထက်များလာရင် အခက်အခဲရှိလာနိုင်တယ်လို့ ပေါက်တောပြည်သူ့ဆေးရုံရဲ့ ဆေးရုံအုပ် ဒေါက်တာကိုကိုအောင်က ပြောပါတယ်။  

“ထားဖို့နေရာကအစ အခက်အခဲရှိလာမှာပေါ့။ နောက်သူတို့ရဲ့ လိုအပ်ချက်တွေ ဖြည့်စည်းပေးရတာတွေ၊ သူတို့ကို ဆေးကုဖို့အတွက် တခြားဟာတွေ လုပ်ပေးရတာလဲ အခက်အခဲ ရှိလာမှာပေါ့။ ” လို့ ဒေါက်တာကိုကိုအောင်က ပြောပါတယ်။  

ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်ကတော့ ပေါက်တောမြို့ဟာ လောလောဆယ်မှာ ထိန်းနိုင်သေးတဲ့ အခြေအနေမှာ ရှိနေပြီး ရှေ့ဆက်လုပ်ဆောင်မယ့်အပိုင်းကို ညှိနှိုင်း ဆောင် ရွက်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။  

“ဆရာတို့လောလောဆယ်အထိကတော့ ပေါက်တောမှာ ထိန်းလို့ရသေးတယ်ပေါ့နော်။ မောင်တောဆေးရုံက မသေးပါဘူး။ မောင်တောဆေးရုံမှာ ဆရာတို့ ဆေးရုံအသစ်ဆောင်ကြီးရထားတဲ့အတွက် အရင်တစ်ခေါက်ဖြစ်ပြီးကတည်းက ပြင်ဆင်ထားတာတွေ ရှိပါတယ်။ မောင်တောက လက်ခံလို့ ရပါသေးတယ်။ အဲဒါကတော့ (ပေါက်တောကတော့) ညှိုနှိုင်းဆောင်ရွက်နေ ဖြစ်ပါတယ်။” လို့ ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။  

ကုန်သွယ်နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ မောင်တောမြို့ပြည်သူ့ဆေးရုံမှာ ဩဂုတ်လ ၂၇ ရက်နေ့အထိ ကိုဗစ် ၁၉ အတည်ပြုလူနာ ၁၃ ဦး ရှိနေပြီး ပိုးတွေ့လူနာ ၄၀ စာအတွက်ပြင်ထားတယ်လို့ သိရပါတယ်။  

လက်ရှိမှာ လူနာအနေအထားအရဆိုရင် ကာကွယ်ရေးပစ္စည်းတွေနဲ့ ဆေးဝါးအထောက်အကူပြု ပစ္စည်းတွေ လုံလုံလောက်လောက်ရှိတယ်နေသေးတယ်လို့ မောင်တော်ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယခရိုင် ကျန်းမာရေးဦးစီးမှူး ဒေါက်တာ နုကေသီစံက ပြောပါတယ်။  

“လောလောဆယ်တော့ ဒီနေ့အထိတော့ ဒီလောက်လူနာနဲ့ လောက်တော့လောက်ပါသေးတယ်။ ဒီထက်များလာရင်တော့ မပြောတတ်ဘူးပေါ့နော်။ အခုလောလောဆယ်တော့ လောက်သေးတယ်။ ဒါပေမယ့် တချို့ဟာတွေ နည်းနေတာတွေတော့ ရှိပါသေးတယ်။ ဥပမာ (N 95) Mask (နာခေါင်းစည်း) တို့ အဲလိုမျိုးပေါ့နော်။ နည်းနည်းလေး နည်းနေတာတွေတော့ ရှိတယ်။” လို့ ဒေါက်တာ နုကေသီစံက ပြောပါတယ်။  

ရခိုင်ပြည်နယ်မှာ ဩဂုတ် ၂၇ ရက်နေ့ မနက်ပိုင်းအထိ ကိုဗစ် ၁၉ ပိုးတွေ့လူနာ စုစုပေါင်း ၁၈၀ ကျော်ရှိနေပြီး စစ်တွေမြို့မှာ ၁၁၀ ကျော်အထိ အများဆုံး တွေ့ရှိထားတာပါ။   

အဲဒီအနက် စစ်တွေပြည်သူ့ဆေးရုံကြီးမှာ လူနာ ၁၀၀ စာအတွက် ပြင်ဆင်ထားပြီး ထပ်တိုးလူနာတွေကိုတော့ စစ်တွေဆေးရုံနဲ့ ကပ်လျှက်ရှိ သူနာပြုသင်တန်းကျောင်းမှာ စောင့်ကြည့်ကုသပေးသွားမယ်လို့ ပြည်သူ့ကျန်းမာ ရေး ဦးစီးဌာက သိရပါတယ်။  

လက်ရှိ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်အတည်ပြုလူနာတွေဟာဆိုရင် မောင်တောမြို့နယ်မှာ ၁၃ ဦး၊ ပေါက်တော မြို့နယ်မှာ ၁၃ ဦး၊ မြောက်ဦးမှာ ၁၄ ဦး၊ မြေပုံမှာ ၆ ဦး၊ မင်းပြားမှာ ၅ ဦး၊ ကျောက်ဖြူမှာ၄ ဦး၊ ဘူးသီးတောင်မှာ ၆ ဦး၊ ကျောက်တော်မှာ ၆ ဦး နဲ့ သံတွဲ ၂ ဦး၊ ပုဏ္ဏာကျွန်း ၁ ဦး၊ စစ်တွေမြို့မှာ ၁၁၆ ဦးအထိရှိတယ်လို့ ကျန်းမာ ရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly