ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ ထပ်မံ လေ့လာတွေ့ရှိချက်များ 

ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ ထပ်မံ လေ့လာတွေ့ရှိချက်များ 

သြဂုတ် ၂၇ 

အောက်ပါတို့သည် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ နောက်ဆုံးတွေ့ရှိသည့် သိပ္ပံဆိုင်ရာ လေ့လာချက်အချို့နှင့် ဗိုင်းရပ်စ်ကြောင့် ဖြစ်သည့် ကိုဗစ်-၁၉ ရောဂါအတွက် ကုသနည်းလမ်းများ၊  ကာကွယ်ဆေးများ ရှာတွေ့ရန် အားထုတ်မှုများနှင့်ပတ်သက်သည့် စုရုံးတင်ပြချက်တစ်ခု ဖြစ်သည်။ 

နှလုံးကြွက်သားဆဲလ်များတွင် ကိုရိုနာဗိုင်းရပ်စ်ကို တွေ့ရှိခြင်း 

နှလုံးတစ်သျှူး အချို့တွင် ကနဦး တွေ့ရှိထားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်သည် နှလုံးကြွက်သားဆဲလ်များ သို့မဟုတ် myocytes များကိုလည်း ကျူးကျော်ဝင်ရောက်နိုင်သည်ကို သုတေသီများ လေ့လာတွေ့ရှိခဲ့သည်။ ဘရာဇီးနိုင်ငံတွင် နှလုံးအဖောဖောက်ကာ သေဆုံးခဲ့ပြီး ကိုဗစ်-၁၉ နှင့် ဆက်နွယ်သည့် multisystem inflammatory syndrome ရောဂါ (ကိုဗစ်နောက်ဆက်တွဲဖြစ်ပွားသည့်ရောဂါ) ရှိနေခဲ့သည့် အသက် ၁၁ နှစ်အရွယ်ရှိသူတစ်ဦး၏ နှလုံး ကြွက်သားဆဲများတွင် ဗိုင်းရပ်စ်ရှိနေသည်ကို ဆရာဝန်များ တွေ့ရှိခဲ့ကြောင်း The Lancet Child & Adolescent Health ဆေးပညာဂျာနယ်တွင် ဖော်ပြချက်တစ်ခုအရ သိရသည်။ အီတလီတွင်လည်း ကိုဗစ်-၁၉ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် သေဆုံးခဲ့သူ  အရွယ်ရောက်ပြီးလူကြီး ခြောက်ဦးတို့တွင် နှလုံးကြွက်သားဆဲလ်များ၌ ဗိုင်းရပ်စ် ရှိနေသည် ကို တွေ့ရှိခဲ့ပြီး အတိုင်းအတာအမျိုးမျိုးဖြင့် နှလုံးကြွက်သားဆဲလ် ထိခိုက်ဒဏ်ရာရမှုနှင့် ဆဲလ် သေဆုံးမှု တို့ ရှိခဲ့ကြောင်း ဆရာဝန်များက medRxiv ဆိုဒ်တွင် သြဂုတ် ၂၆ ရက်၌ ဖော်ပြသည်။ ယင်းတွေ့ရှိချက်ကို ပညာရှင်အချင်းချင်း အကဲဖြတ်မှု လုပ်ရဦးမည်ဖြစ်သည်။ အီတလီ လူနာများအနက် မည်သူတစ်ဦးတစ်ယောက်မှ နှလုံးဆိုင်ရာ လက္ခဏာရပ်များ သို့မဟုတ် နှလုံးရောဂါရှိခဲ့သည့် မှတ်တမ်း မရှိခဲ့ပေ။ မျိုးဗီဇဆိုင်ရာ ဆက်နွယ်နေသည့် ၂၀၀၂-၂၀၀၃ SARS ဗိုင်းရပ်စ် ဖြစ်ပွားမှုကနေ ပြန်လည်သက်သာလာခဲ့သူ လူနာ ၄၀ ရာခိုင်နှုန်းသည် နောက်ပိုင်းတွင် နှလုံးသွေးကြောဆိုင်ရာ ပုံမှန်မဟုတ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း အီတလီဆရာဝန်များက ထောက်ပြသည်။ အသစ်တွေ့ရှိချက်များအရ ကိုဗစ်-၁၉ ကနေ ပြန်လည်သက်သာလာသူ လူနာများသည် ဘေးအန္တရာယ် မကင်းသည့် အခြေအနေအောက်သို့ ရောက်မလာဘူး ဆိုလျင်တောင်မှ ၎င်းတို့ကို နှလုံးဆိုင်ရာ ပြဿနာများအတွက် စောင့်ကြည့်သင့်သည်ကို ပြသနေသည်ဟု ၎င်းတို့က ပြောကြသည်။ အလားတူ ကိုဗစ်-၁၉ လူနာများ၏ နှလုံးသွေးကြောဆိုင်ရာ ရေရှည် ရလဒ်များက SARS လူနာများကို ထင်ဟပ်နေနိုင်သည်ဟု ၎င်းတို့က ပြောသွားခဲ့သည်။ 

ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုပိုင်းတွင် အမျိုးသားနှင့် အမျိုးသမီးအကြား မတူညီခြင်းက ခုခံအားတုံ့ပြန်မှုနှင့် ပတ်သက်နေခြင်း 

အမျိုးသမီး၏ ကိုယ်ခံအားစနစ်က ကိုရိုနာဗိုင်းရပ်စ်အပေါ် ပိုမို သင့်လျော်သည့် တုံ့ပြန်မှုများကို ဖြစ်ပေါ်စေနိုင်ကြောင်း သေးငယ်သည့် လေ့လာချက်တစ်ခုက ပြသနေရာ ကိုဗစ်-၁၉ က အမျိုးသားများတွင် ဘာကြောင့် ပိုမို ပြင်းထန်လေ့ရှိသလဲ ဆိုသည့်အပေါ် သဲလွန်စတစ်ခု ပေးနေလျက် ရှိသည်။ မပြင်းထန်သည့် သို့မဟုတ် အသင့်အတင့်ရှိ ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးရုံတက်ခဲ့ရသူ သက်ကြီးအများစုပါဝင်သည့် လူကြီး ၉၈ ဦးအနက် အမျိုးသမီးများတွင် ၎င်းတို့၏ ကိုယ်ခံအားစနစ်၏ T cells များက ဗိုင်းရပ်စ်အပေါ် ပိုမို “အားပါးတရ” နှင့် “အားတင်းတင်း” ဖြင့် တိုက်ခိုက်မှုများ ရှိခဲ့ကြောင်း သုတေသီများက Nature ဆေးပညာဂျာနယ်တွင် သြဂုတ် ၂၆ ရက်က ရေးသားခဲ့သည်။ တချိန်တည်းမှာပင် အမျိုးသားများတွင် အားနည်းသော T cell တုံ့ပြန်မှုများက ပိုမိုဆိုးဝါးသည့် ရလဒ်များနှင့် ဆက်နွယ်ပတ်သက်နေသည်ကို ၎င်းတို့ တွေ့ရှိခဲ့သည်။ ထို့ပြင် ရောင်ရမ်းသည့် နေရာများသို့ ကိုယ်ခံအားဆဲလ်များ စုစည်းပေးသည့် chemokines နှင့် cytokines ဟု သိကြသော အချက်ပြမော်လီကျူးများ ထုတ်လုပ်မှုပိုင်းတွင်လည်း အမျိုးသားနှင့် အမျိုးသမီးအကြား မတူညီမှုများ ရှိနေခဲ့သည်။ ပျမ်းမျှအားဖြင့် အမျိုးသားများတွင် အဆိုပါ မော်လီကျူးများက မြင့်မားသည့် လယ်ဗယ်များဖြင့် ရှိနေသော်လည်း အမျိုးသမီးများတွင် အဆိုပါ မော်လီကျူးများ မြင့်မားသည့် လယ်ဗယ်များဖြင့် ရှိနေသည့်အခါ ၎င်းတို့သည် မှေးမှိန်စွာ လုပ်ဆောင်လေ့ရှိသည်။ ယခု လေ့လာတွေ့ရှိချက်များက ကိုဗစ်-၁၉ ကူးစက်ခံ အမျိုးသား၊ အမျိုးသမီးများကို ကုသမှု၊ စောင့်ရှောက်မှု ပေးရာတွင် ကျားမ လိင် အခြေပြု ချဉ်းကပ်မှု နည်းလမ်း ဖြစ်ပေါ်ရေးအတွက် အရေးပါသော အခြေခံတစ်ခုကို ပံ့ပိုးပေးပါကြောင်း သုတေသီများက ပြောသည်။ အမျိုးသားများအနေဖြင့် ၎င်းတို့၏ T cells တုံ့ပြန်မှုများကို အားကောင်းစေသည့် ကုထုံးများကနေတဆင့် အကျိုးဖြစ်ထွန်းနိုင်သလို အမျိုးသမီးများသည်လည်း အချက်ပြမော်လီကျူး တုံ့ပြန်မှုကို လျော့ကျစေသည့် ကုထုံးများကနေတဆင့် အကျိုးဖြစ်ထွန်းနိုင်ကြောင်း ၎င်းတို့က ပြောသည်။ 

ဟောမုန်းများက အမျိုးသမီးများ၏ ကိုဗစ်-၁၉ မှ အသက်ရှင်နိုင်မှု အကျိုးကျေးဇူးများကို ထပ်ပေါင်းစေနိုင် 

ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုပိုင်းတွင် အမျိုးသား၊ အမျိုးသမီးအကြား မတူညီမှုများအတွက် လိင် ဟော်မုန်းများက အကြောင်းရင်းတစ်ခု ဖြစ်နေနိုင်ကြောင်း လေ့လာချက်သစ်တစ်ခုက ပြသနေသည်။ အမျိုးသမီးများသည် အမျိုးသားများထက် ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုနှုန်း နည်းပါးနေသော်လည်း ယင်းကွာခြားမှုက အသက်အရွယ် ပိုကြီးသော အမျိုးသားများနှင့် အမျိုးသမီးများအကြားတွင် ပိုမို ကျဉ်းမြောင်းနေသည်။ သဘာဝအားဖြင့် ငယ်ရွယ်သော အမျိုးသမီးများတွင် ပိုမိုမြင့်မားစွာ ရှိနေသော အမျိုးသမီး ဟော်မုန်း estradiol လယ်ဗယ်များက ယင်း ပုံစံကို ကူညီရှင်းပြကောင်းရှင်းပြနိုင်သည်။ သုတေသီများသည် နိုင်ငံ ၁၇ နိုင်ငံမှ အမျိုးသမီး ကိုဗစ်-၁၉ လူနာ ၃၇,၀၀၀ နီးပါး၏ အီလက်ထရောနစ် ကျန်းမာရေး မှတ်တမ်းများကို လေ့လာခဲ့ပြီး သွေးမဆုံးခင်နှင့် သွေးဆုံးပြီး အမျိုးသမီးများကို နှိုင်းယှဉ်လျက် သန္ဓေတားဆေးများ သို့မဟုတ် ဟော်မုန်း အစားထိုးကုထုံး (HRT) တွင် estradiol  အသုံးပြုမှုကို ထည့်တွင်းစဉ်းစားခဲ့ကြသည်။ မွေးဖွားမှုနှုန်း ထိန်းချုပ်သည့် ဆေးဝါးများသည် ကိုဗစ်-၁၉ ကြောင့် သေဆုံးနိုင်ခြေနှုန်းအပေါ် သိသာထင်ရှားသည့် သက်ရောက်မှုနှင့် ဆက်နွယ်ပတ်သက်နေခြင်း မရှိပေ။ သို့သော် အသက် ၅၀ ကျော် အမျိုးသမီးများတွင် estradiol ဖြင့် HRT ကုထုံး ခံယူထားသူများသည် အဆိုပါ အသက်အပိုင်းအခြားအုပ်စုတွင်း အဆိုပါ ကုထုံးမသုံးသူများနှင့်ယှဉ်ပါက ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးနိုင်ခြေနှုန်း သုံးပုံပုံ နှစ်ပုံ နည်းပါးသည်။ HRT သည် သေဆုံးနိုင်ခြေကို လျော့ကျမှု ဖြစ်စေကြောင်း လေ့လာချက်က သက်သေမပြပေ။ ပညာရှင်အချင်းချင်း အကဲဖြတ်မှုမတိုင်မီ တနင်္လာနေ့က medRxiv တွင် တင်ခဲ့သည့် ၎င်းတို့၏ ဖော်ပြချက်တစ်ခုအရ ဟော်မုန်းများသည် ဘေးထွက်ဆိုးကျိုးများ ရှိနိုင်ပြီး အမျိုးသမီးများအနေဖြင့် ၎င်းတို့ဘာသာ ယင်းတို့ကို စတင်အသုံးမပြုသင့်ကြောင်း သုတေသီများက သတိပေးထားသည်။ Estradiol ကုထုံးက သက်ကြီး အမျိုးသမီးများကို ကိုဗစ်-၁၉ ကြောင့် သေဆုံးနိုင်ခြေနှုန်း လျော့ကျစေရေး ကူညီကောင်းကူညီနိုင်သည် ဆိုသည့် သီအိုရီကို စမ်းသပ်ရန် အရွယ်အစား ပိုမိုကြီးမားသော အလားအလာရှိ စမ်းသပ်ချက်များ လုပ်ဆောင်ရန်လည်း သုတေသီများက တောင်းဆိုခဲ့ကြသည်။ 

စားသောက်ကုန် အားဖြည့်ပစ္စည်းများကြောင့် ကပ်ရောဂါကာလ သွားဆေးခန်းသွားရောက်မှုကို ပိုမိုဘေးကင်းစေနိုင်ဖွယ်ရှိ 

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း သွားဆရာဝန်များနှင့် ၎င်းတို့၏ လူနာများ ကြုံနေရသည့် ဘေးအန္တရာယ်တစ်ခုအတွက် သိပ္ပံပညာရှင်များထံတွင် အဖြေတစ်ခု ရှိနေနိုင်သည်။ သွားဆရာဝန်များ၏ ကိရိယာများတွင် အသုံးပြုသည့် ရေကနေ ထုတ်လိုက်သည့် အမှုန်အမွှားများက အသက်ရှုထုတ်လိုက်သည့် ကိုရိုနာဗိုင်းရပ်စ် အမှုန်များကို လေထဲတွင် သယ်ဆောင်သွားနိုင်ဖွယ်ရှိသည်။ FDA အတည်ပြု polyacrylic acid ဟု ခေါ်သော စားသောက်ကုန် အားဖြည့်ပစ္စည်းတစ်မျိုး၏ သေးငယ်သော ပမာဏတစ်ခုကို ရေတွင် ရောစပ်ခြင်းက အထက်ပါ အမှုန်အမွှားများကို ထိန်းချုပ်နှိမ်နင်းနိုင် သို့မဟုတ် ကာကွယ်နိုင်သည်ဟု သုတေသီများက Physics of Fluid ဂျာနယ်တွင် ကြာသပတေးနေ့က ဖော်ပြခဲ့သည်။ “ကျွန်တော့် ဓာတ်ခွဲခန်းထဲကနေ ဦးဆုံးထွက်လာတဲ့ စမ်းသပ်ချက်က ဒီအယူအဆကို လုံးလုံးလျားလျား သက်သေပြသနိုင်ခဲ့တာက အံ့အားသင့်စရာပါ” ဟု ယင်းအစီရင်ခံစာကို ပူးတွဲရေးသားသည့် ချီကာဂိုမြို့ အီလီနွိုက်တက္ကသိုလ်မှ Alexander Yarin က ပြောသည်။ “ ဒီလိုပစ္စည်းတွေက သွားဘက်ဆိုင်ရာ ကိရိယာတွေကနေ ဖျန်းထုတ်လိုက်တဲ့ အမှုန်အမွှားတွေကို လွယ်လွယ်ကူကူ ကောင်းကောင်း ချုပ်ထိန်းနိုင်တယ်ဆိုတာ တကယ့်ကို အံ့သြစရာပါ” ဟု ၎င်းက ပြောသည်။  ရေက သွားဘက်ဆိုင်ရာ ကိရိယာတစ်ခု သို့မဟုတ် လွန်တစ်ခု၏ ဗဟိုခွာအား၏ လျင်မြန်သည့် တုန်ခါမှုနှင့် တွေ့ဆုံချိန်တွင် ပန်းထွက်လာသည့် အမှုန်အမွှားများ ဖြစ်လာပြီး ယင်းတို့က ရေကို သေးငယ်သည့် အရည်အစက်များအဖြစ် ပေါက်ကွဲစေပြီး ယင်းတို့ကို လေထဲသို့ တွန်းထုတ်ကြောင်း သုတေသီများက ရှင်းပြသည်။ ပေါ်လီမာက အဆိုပါ ပေါက်ကွဲထွက်လာမှုများကို ဖိနှိပ်ထိန်းချုပ်ပြီး ပိုမိုကြီးမားသော ပေါ်လီမာ မော်လီကျူးများက သားရေကွင်းကဲ့သို့ ဆန့်ထွက်လာပြီး အရည်အစက်များကို လေထဲ ပျံတက်ခြင်းကနေ တားဆီးခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly