တရုတ်-အိန္ဒိယ ပဋိပက္ခဖြစ်ပွားရာနယ်စပ်ဒေသအနီးသို့ နောက်ဆုံးပေါ် ဂျက်လေယာဉ်များ ပို့ဆောင်

 တရုတ်-အိန္ဒိယ ပဋိပက္ခဖြစ်ပွားရာနယ်စပ်ဒေသအနီးသို့ နောက်ဆုံးပေါ် ဂျက်လေယာဉ်များ ပို့ဆောင်

ဩဂုတ် ၂၇

တရုတ်နှင့်အိန္ဒိယ တို့သည်လက်ရှိပဋိပက္ခဖြစ်ပွားရာ ဟိမဝန္တာအနီးနယ်စပ်ဒေသသို့၎င်းတို့ ၏ နောက်ဆုံးပေါ်အဆင့်မြင့်ဂျက်လေယာဉ်များ ပို့ဆောင်ခဲ့ကြောင်းသိရှိရသည်။

တနင်္လာနေ့က ဖော့ဘ် ၏ဖော်ပြချက်အရ တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျင်း ဒေသရှိ ဟိုတန် လေတပ်စခန်းသို့ တရုတ်၏ J-20 ကိုယ်ပျောက်တိုက်လေယာဉ် ၂ စင်းရောက်ရှိ လာသည် ဟုသိရှိရသည်။

အဆိုပါလေတပ်စခန်းသည်ပဋိပက္ခဖြစ်ပွားရာ အေဆိုင်ချင်း နယ်မြေနှင့် ၃၂၀ ကီလိုမီတာ (မိုင် ၂၀၀) ခန့်ကွာဝေးသည်။

ဇွန်လအတွင်းက အေဆိုင်ချင်း နှင့် လာဒတ် အကြားရှိ ဂယ်ဝမ် တောင်ကြားအနီးတွင်  တရုတ်နှင့်အိန္ဒိယတပ်ဖွဲ့ဝင်များနယ်စပ်ပဋိပက္ခဖြစ်ပွားခဲ့ရာလက်ရှိအချိန်ထိတင်းမာမှုများ မြင့်တက်လျက်ရှိသည်။

ယခုအခါ အိန္ဒိယ သည် လာဒတ် တွင် ဒတ်ဆော့ ရာဖဲလ် ဂျက်တိုက်လေယာဉ်သစ်  ၅ စင်းကို တပ်ဖြန့်ချထားကြောင်း၊ အဆိုပါ ရာဖဲလ် ဂျက်တိုက်လေယာဉ်သည်  ဟီမာချယ် ပရာဒက်ရှ် ရှိတောင်ထူထပ်သောဒေသများတွင် ညဖက်ပျံသန်းမှုများအတွက်လေ့ကျင့် ထားပြီး ဖြစ်သည်ဟု ဟင်ဒူစတန်တိုင်း ကဖော်ပြခဲ့သည်။

တရုတ်နှင့်အိန္ဒိယတို့သည်ဟိမဝန္တာဒေသ၌တစ်ဖက်ကိုတစ်ဖက်အသာစီးရရန် ကြိုးပမ်း လျက်ရှိပြီး တရုတ်အနေဖြင့်တိုက်လေယာဉ်များရောက်ရှိလာချိန်၌ အထက်စီးရခဲ့ကြောင်း၊ တရုတ် ၏တစ်ယောက်စီး J-20 သည် ရေဒါမှဖမ်းယူနိုင်စွမ်းမရှိသည့်ကိုယ်ပျောက်နိုင်စွမ်း နှင့် အသံထက်မြန်သော အမြန်နှုန်းကြောင့် ဝေဟင်တွင်အသာစီးရနိုင်သည် ဟုစစ်ရေး ကျွမ်းကျင်သူများကပြောကြားခဲ့သည်။ 

အိန္ဒိယ ဘက်မှဇူလိုင် ၂၉ ရက်နေ့တွင်ရောက်ရှိလာသော တစ်ယောက်စီးနှင့် ၂ ယောက်စီး ရာဖဲလ် ဂျက်တိုက်လေယာဉ်များသည် j-20  များကဲ့သို့ပင် ရှာဖွေတွေ့ရှိနိုင်ရန်ခဲယဉ်းခြင်း၊ အီလက်ထရောနစ်ရေဒါစနစ်ပါရှိခြင်းတို့ကြောင့် မည်သည့်ရာသီဥတုတွင်မဆို ပစ်မှတ်မျိုးစုံ ကိုခြေရာခံနိုင်သည့်လေယာဉ်များဖြစ်သည်။

ဘက်စုံသုံး ရာဖဲလ် တိုက်လေယာဉ်များသည် j -20 များထက်သိသိသာသာသေးငယ် ပေါ့ပါးသည်။

၂၀၀၁ ခုနှစ်တွင်တပ်တော်ဝင်ခဲ့သည့် ရာဖဲလ် တိုက်လေယာဉ်သည်အသံထက်အမြန်နှုန်း ၁.၈ မက် အထိမြှင့်တင်နိုင်ပြီး ၁၈၅၀ ကီလိုမီတာ(၁၁၄၉ မိုင်)အထိတိုက်ခိုက်နိုင်သည်။  j -20 တိုက်လေယာဉ်များသည် အသံထက်အမြန်နှုန်း ၂ မက် ရှိပြီး ၂၀၀၀ကီလိုမီတာ(၁၂၄၂ မိုင်) အထိတိုက်ခိုက်နိုင်သည်။

ဟိမဝန္တာတောင်တန်းများ၏အမြင့်သည် မီတာ ၈၀၀၀ ကျော်(၂၆၂၄၇  ပေ)ရှိသဖြင့် တိုက်လေယာဉ်များအနေဖြင့် ထိုအမြင့်ပေကိုကျော်လွန်ပျံသန်းနိုင်ရန်မှာ အဓိကကျသည့် အချက်ဖြစ်သည်။  ရာဖဲလ် တိုက်လေယာဉ်ပျံသန်းနိုင်သည့်အမြင့်ပေမှာ ၁၆၀၀၀ မီတာ (၅၂၄၉၃ ပေ)ခန့်ဖြစ်ပြီး  j-20 ပျံသန်းနိုင်သည့်အမြင့်ပေမှာ ၂၀၀၀၀ မီတာကျော် (၆၅၆၁၆ ပေ)ခန့်ဖြစ်သည်။

ဟောင်ကောင်အခြေစိုက် ဖီးနစ် ရုပ်သံမှ စစ်ရေးတင်ဆက်သူ စုန့် ကျုံးပင် မှတရုတ် ကိုယ်ပျောက်တိုက်လေယာဉ်ကို တရုတ်တပ်မတော်မှအခြားတိုက်လေယာဉ်များနှင့် အတူတပ်ဖြန့်နေရာချသွားမည်ဟုပြောကြားခဲ့သည်။

j-20 တိုက်လေယာဉ်ကို အခြားတိုက်လေယာဉ်များနှင့်အတူ အသုံးပြုသွားမည်ဖြစ်ပြီး ပေးအပ်သောတာဝန်ကို အကောင်းဆုံးပြီးမြောက်အောင်လုပ်ဆောင်နိုင်လိမ့်မည်ဟု စုန့်ကျုံးပင် မှပြောကြားခဲ့သည်။

တရုတ်တပ်မတော်သည်၎င်းတို့၌ j-20 တိုက်လေယာဉ်မည်မျှရှိသည်ကိုပြောကြားခြင်းမရှိ သော်လည်း အနည်းဆုံးအစင်း ၅၀ ခန့်ရှိမည်ဟု ခန့်မှန်းရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly