ကိုဗစ်-၁၉ လူနာနှင့် ထိတွေ့မှုရှိသူအချို့ကို စမ်းသပ်စစ်ဆေးရန် မလိုဟု အမေရိကန် CDC ပြောဆိုမှု ဝေဖန်ခံနေရ 

ကိုဗစ်-၁၉ လူနာနှင့် ထိတွေ့မှုရှိသူအချို့ကို စမ်းသပ်စစ်ဆေးရန် မလိုဟု အမေရိကန် CDC ပြောဆိုမှု ဝေဖန်ခံနေရ 

သြဂုတ် ၂၇ 

ကိုဗစ်-၁၉ ရောဂါပိုးရှိသူတစ်ဦးဦးနှင့် ထိတွေ့မှု ရှိခဲ့သော်လည်း ရောဂါလက္ခဏာမပြဘဲရှိနေသူများအနေဖြင့် ဗိုင်းရပ်စ် ရှိမရှိ စစ်ဆေးမှု ခံယူရန် မလိုအပ်နိုင်ဟု အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေးစင်တာ (CDC) က ယခုအပတ်အတွင်း ပြောကြားခဲ့ရာ ဆရာဝန်များနှင့် နိုင်ငံရေးသမားများကို အံ့သြတုန်လှုပ်သွားစေခဲ့သည်။ 

ထို့ပြင် အဆိုပါ လမ်းညွန်ချက်၏ နောက်ကွယ်တွင် နိုင်ငံရေးအရ တွန်းအားပေးမှု ရှိနေခဲ့သည် ဆိုသည့် စွပ်စွဲချက်များကိုလည်း ထွက်ပေါ်လာစေခဲ့သည်။ 

အလားတူ ယင်းအကြံပေးချက်က ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရသူများနှင့် နီးနီးကပ်ကပ် ထိတွေ့ထားသူအားလုံးကို ဗိုင်းရပ်စ် စစ်ဆေးရေး အကြံပြုထားသည့် အေဂျင်စီ၏ ကနဦး သဘောထားရပ်တည်ချက်နှင့်လည်း ပြောင်းပြန်အနေအထား ဖြစ်နေသည်။ 

ယခုလို အကြံပြုချက် ထုတ်ခြင်း၏ ရည်ရွယ်ချက်က “သင့်တင့် လျောက်ပတ်သည့် စမ်းသပ်စစ်ဆေးမှု” ဖြစ်စေရန် ဖြစ်ကြောင်း၊ ယခု ဆုံးဖြတ်ချက်၏ နောက်ကွယ်တွင် အစိုးရထံမှ နိုင်ငံရေးအရ ဖိအားပေးမှု မရှိကြောင်း အမေရိကန်ကျန်းမာရေးနှင့် လူသားဝန်ဆောင်မှု ဌာနမှ လက်ထောက် ကျန်းမာရေးဝန်ကြီး ဘရတ် ရေတပ်ဗိုလ်ချုပ်ကြီး ဂီရိုရီရာ က ပြောသည်။ 

အပြောင်းအလဲများနှင့်အတူ ရှေ့ဆက်လုပ်ဆောင်ရန် အမေရိကန် အများပြည်သူ ကျန်းမာရေး တာဝန်ရှိသူများကို ထရမ့်အစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိများက ညွန်ကြားခဲ့ကြောင်း CNN နှင့် The New York Times တို့က သြဂုတ် ၂၆ ရက်တွင် ဖော်ပြသည်။ 

“ဒါက သိပ္ပံနည်းကျနဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေ ထုတ်ဖော်လိုက်တဲ့ ထုတ်ကုန်တစ်ခုပါ၊ ဒါနဲ့ပတ်သက်လို့ အထူးအဖွဲ့ မှာလည်း ဆွေးနွေးပြီးပါပြီ” ဟု ဂီရိုရီရာက ပြောသည်။ 

သို့ရာတွင် ယင်းအကြံဉာဏ်မျိုးက ဗိုင်းရပ်စ် ပျံ့နှံ့မှုကို အရှိန်မြန်သွားစေနိုင်ကြောင်း အမေရိကန်၏ အကြီးဆုံးသော ဆရာဝန် အဖွဲ့အစည်းဖြစ်သည့် အမေရိကန် ဆေးဘက်ဆိုင်ရာအဖွဲ့အစည်း AMA ၏ ဥက္ကဋ္ဌဖြစ်သူက ပြောသည်။ 

“ကိုဗစ်-၁၉ ရှိတဲ့ လူနာတွေနဲ့ ထိတွေ့ထားခဲ့ပေမယ့် ရောဂါလက္ခဏာမပြတဲ့ သူတွေကို စမ်းသပ်စစ်ဆေးမှု လုပ်ဖို့ မလိုဘူးဆိုတာကတော့ လူ့အဖွဲ့အစည်းထဲမှာ ဗိုင်းရပ်စ် ပျံ့နှံ့စေအောင် လုပ်သလိုပါပဲ” ဟု AMA ဥက္ကဋ္ဌ ဆူဆန် ဘေလီက ပြောသွားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly