စစ်တွေကဝင်ငွေနည်း အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်နှစ်သောင်းအစိုးရ ထောက်ပံ့မည်

စစ်တွေကဝင်ငွေနည်း အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်နှစ်သောင်းအစိုးရ ထောက်ပံ့မည်
ဓာတ်ပုံ - အောင်ဇော်ဦး

ဩဂုတ် ၂၆

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ဝင်ငွေနည်းပါးသည့် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် နှစ်သောင်းကို ပြည်နယ်အစိုးရမှ ထောက်ပံ့သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်၊ နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီး၊ ဗိုလ်မှူးကြီး မင်းသန်းက မဇ္ဈိမကို ပြောသည်။

ဗိုလ်မှူးကြီး မင်းသန်းက “ပြီးခဲ့တဲ့ အပတ်တည်းက တို့အစိုးရအဖွဲ့ကနေ ဝင်ငွေနည်းတဲ့ လူတွေကို ပေးဖို့ဆိုပြီး အစည်းအဝေးလုပ်ပြီးတော့ ဆုံးဖြတ်ချက်ချတယ်။ ဒီတနင်္လာမှ စပေးလိုက်တာ။ Stay Home ဆိုတော့ အပြင်မထွက်ရဘူး။ ပိုက်ဆံရှာလို့ မရဘူး တစ်ချို့။ အဲ့ဒီတော့ အဲ့ဒီလိုအချိန်မှာ သုံးလို့ရအောင် ပေးတာပါ” ဟု ပြောသည်။

ကိုဗစ်ရောဂါပြည်တွင်းကူးစက်ခံရသူများ တွေ့ရှိလာသည့်အတွက် မိမိအိမ်တွင်နေထိုင်ရေး Stay at Home သတ်မှတ်ထားချိန် စစ်တွေမြို့မှ ဝင်ငွေနည်းပါးသည့် အိမ်ထောင်စုပေါင်းသုံးသောင်းအတွက် ငွေကျပ်သိန်းပေါင်း ၅၇ဝဝ ဝန်းကျင်အသုံးပြုကာ ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။

ယခင်လများက ကိုဗစ် - ၁၉ ထောက်ပံ့ကြေးပေးအပ်ရန် ဗဟိုအစိုးရကပေးအပ်ခဲ့သည့်စာရင်းများအရ ဝင်ငွေနည်းပါးသည့်အိမ်ထောင်စုများအား သြဂုတ်လ ၂၅ ရက်နေ့ကစပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ပေးအပ်နေခြင်းဖြစ်သည်။

 စစ်တွေမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးက “မနေ့ကညနေကမှ စပြီးထောက်ပံ့တာပါ။ အခြေခံအိမ်ထောင်စုတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကိုယ်တိုင် လိုက်လံထောက်ပံ့တာပါ။ ငွေသားပါ” ဟု ပြောသည်။

သြဂုတ်လ ၁၆ ရက်နေ့မှ သြဂုတ်လ ၂၅ ရက်နေ့မနက်အထိ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၁ မြို့နယ်မှ ပိုးတွေ့လူနာစုစုပေါင်း ၁၇၈ ဦးရှိနေပြီး စစ်တွေမြို့မှ ၁၁၅ ဦးရှိနေသည်။

စစ်တွေမြို့နယ်အပါအဝင် ကျောက်ဖြူမြို့နယ်၊ အမ်းမြို့နယ်၊ တောင်ကုတ်မြို့နယ်နှင့် သံတွဲမြို့နယ် ၄ မြို့နယ်ကိုလည်း မိမိအိမ်တွင် နေထိုင်ရေး Stay Home အစီစဉ်တွင် အကျုံးဝင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သြဂုတ်လ ၂၅ ရက်နေ့ ရက်စွဲဖြင့် ထပ်မံထုတ်ပြန်ထားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly