ရခိုင်ပြည်နယ်အစိုးရကို ဝေဖန်သည်ဟုဆိုကာ စစ်တွေမြို့က လူမှုရေးတက်ကြွလှုပ်ရှားသူ အမှုဖွင့်ခံရ

By အောင်အောင်ထူး
26 August 2020
ရခိုင်ပြည်နယ်အစိုးရကို ဝေဖန်သည်ဟုဆိုကာ စစ်တွေမြို့က လူမှုရေးတက်ကြွလှုပ်ရှားသူ အမှုဖွင့်ခံရ
ပုံ - အမှုဖွင့်ခံရသူ ဦးစိုးနိုင် ( ဓာတ်ပုံ - အောင်အောင်ထူး)

သြဂုတ် ၂၆ ရက်၊ ၂၀၂၀ ပြည့်နှစ်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့အပေါ် ဖေ့ဘုတ်လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဝေဖန်စာရေးသားသည်ဟုဆိုကာ စစ်တွေမြို့အုပ်ချုပ်ရေးက လူမှုရေးတက်ကြွလှုပ် ရှားသူ ဦးစိုးနိုင်ကို  ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်လိုက်သည်။

လတ်တလောမြင့်တက်နေသည့် ကိုရိုနာဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုကိစ္စအပါအဝင် ယင်းနောက်ဆက်တွဲဖြစ်ပေါ်လာနေသည့် ကုန်စည်ပိတ်ဆို့မှု၊ အစိုးရ၏ ထောက်ပံ့နေမှုတွင် အားနည်းချက်များကို ဝေဖန်မှုပြုခဲ့ပြီးနောက် စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးက တရားလိုပြု လုပ်၍ မြို့မရဲစခန်းတွင် သြဂုတ်လ ၂၂ ရက်နေ့က အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်လာခဲ့သည်။

“ပြည်နယ်အစိုးရအပေါ်မှာ မဟုတ်၊ မမှန် ဂုဏ်သရေညိုးနွမ်းစေအောင် ဖေ့စ်ဘုတ်လှုမှုကွန်ယက်ပေါ်မှာ တင်တယ်လို့ မြို့နယ်အုပ်ချုပ် ရေးမှူးက အမှုဖွင့်တိုင်ကြားတာလို့ သိရပါတယ်။ ”ဟု ဦးစိုးနိုင်က ပြောသည်။

ဦးစိုးနိုင်သည် စစ်တွေမြို့အတွင်းက CSO အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေသည့် ကိုရိုနာကိစ္စရပ်နှင့် သော်လည်းကောင်း၊ ရခိုင် မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်အရေးကိစ္စများနှင့် သော်လည်းကောင်း  ကူညီကယ်ဆယ်ရေးများပြုလုပ်နေသူတစ်ဦးလည်း ဖြစ်သည်။

အမှုဖွင့်ရသည့်အကြောင်းအရင်းနှင့် ပတ်သတ်၍ သိလိုသဖြင့် တရားလို ဦးအောင်ဇော်ဦးကို ဆက်သွယ်ရာတွင် မအားသေးဘူးကြောင်းပြောကာ ဖုန်းချသွားသလို ပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် စင်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကို ဆက်သွယ်ရာတွင်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

အမှုစတင်ဖွင့်လှစ်သည့်နေက ဦးစိုးနိုင်၏နေအိမ်သို့ ရဲနှင့် ရပ်ကွက်အုပ်ချုပ်ရေးပူးပေါင်းအဖွဲ့တို့က ဖမ်းဆီးရန် ရောက်လာခဲ့ကြသော် လည်း ခရီးလွန်နေသဖြင့် ဖမ်းဆီးမခံခဲ့ရဘဲ သြဂုတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းက ကိုယ်တိုင်သွားရောက်ပြီး ဖြေရှင်းရာ ငွေကျပ် သိန်း (၃၀) ဖြင့် စစ်တွေမြို့မရဲစခန်းက အာမခံပေးလိုက်သည်။

၎င်းမှာ ထိုသို့ဝေဖန်ခဲ့သည်မှာ မှန်သော်လည်း ပြည်နယ်အစိုးရကို ထိခိုက်နစ်နာစေရန် မဟုတ်ဟု ဆိုရင်း ဦးစိုးနိုင်က “အဓိက ရည်ရွယ်ချက်က ကိုရိုနာကြောက်စိတ်ကြောင့်ပေါ့။ ကားလမ်းတလျှောက်မှာ ပိတ်ဆို့မှုတွေဖြစ်နေတယ်။ အစိုးရရယ် လို့ မဟုတ်ဘူး။ ရွာသားတွေလည်းပါတယ်။ မီးသတ်တို့၊ အစရှိသဖြင့်ပေါ့။ အဲဒီလိုပိတ်ဆို့မှုတွေ တချို့နေရာတွေမှာ ရှိနေတယ်။ ရှိနေတဲ့ သတင်းကို ကားဂိတ်တွေကလည်း အတည်ပြုတယ်။ တချို့ကုန်ကားတွေဆိုရင် ရန်ကုန်ကို ပြန်လှည့်သွားရတာရှိတယ်။ ဒါကို ဖြေရှင်းဖို့ အတွက် သက်ဆိုင်တဲ့ ပြည်နယ်နဲ့ တိုင်းအစိုးရ၊ ဗဟိုအစိုးရ သူတို့တွေ သိရှိဖို့လိုတယ်လို့ ကျနော်က သဘောပေါက်တယ်။ ဒါကို သတိပြု မိပါစေတော့ဆိုတဲ့ စိတ်ဆန္ဒနဲ့ တင်လိုက်တာသာဖြစ်တယ်။” ဟု ပြောသည်။

လက်ရှိ အမှုဖွင့်ခံရမှုအပေါ် ဦးစိုးနိုင်အနေဖြင့် ရင်ဆိုင်ဖြေရှင်းသွားမည်ဟု ဆုံးဖြတ်ထားသည်ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly