သြဂုတ် ၂၆
သြဂုတ်လ ၂၇ရက် မနက်ဖြန်ကစပြီး မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ အခြေခံပညာအထက်တန်းကျောင်းများကို ယာယီပြန်ပိတ်သွားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားမှူးချုပ်ဒေါက်တာတင်မောင်ဝင်းကပြောသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သြဂုတ်လ ၂၅ရက် ည၈နာရီထုတ်ပြန်ချက်အရ COVID-19 အတည်ပြုလူနာ ၃၀ဦးနှင့် ၂၆ရက် နံနက် ၈နရီ ထုတ်ပြန်ချက်အရ အတည်ပြုလူနာ ၇၀ဦးလည်း စစ်ဆေးတွေ့ရှိခဲ့သည်။
အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက “ ကျောင်းအားလုံး ပိတ်မှာပါ။ ကိုဗစ်ဗဟိုကော်မတီရဲ့လမ်းညွှန်ချက်နဲ့ မနက်ဖြန်ကစပြီး အစိုးရကျောင်းရော ကိုယ်ပိုင်ကျောင်းရော ဘကကျောင်းတွေအားလုံး မနက်ဖြန်ကစပြီး ပိတ်မှာပါ။ ခေတ္တ၊ယာယီပိတ်မှာပါ။ အခုကတော့ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေကို လှမ်းအကြောင်းကြားနေပါပြီ။” ဟု မဇ္ဈိမသို့ပြောသည်။
ဘာကြောင့်ပိတ်သည့်အချက်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အကြောင်းပြချက်ပေးခြင်းမရှိဘဲ ကိုဗစ်ပိုးတွေ့ရှိသူ များလာသည့်အတွက် အန္တရာယ်ရှိသည့်အတွက် ခုလိုပိတ်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
COVID-19 ကူးစက်ရောဂါကြောင့် အခြေခံကျောင်းများ၊တက္ကသိုလ်များကို ပိတ်ထားရပြီး ပြီးခဲ့သည့်ဇူလိုင်လ ၂၁ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်ပေါင်း ၈၀ကိုက်ညီသည့် အထက်တန်း ကျောင်းပေါင်း ၆၅၂၆ ကျောင်းကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း ၄၀၈ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၁၈၉ ကျောင်းကို သြဂုတ် ၂၇ရက်မှစတင်ကာ ယာယီပိတ်သွားမည်ဖြစ်ကြောင်းလည်း ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ဆိုထားသည်။