မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ဦးဆောင်သည့် ပါတီအစည်းအဝေး၌ ကိုရိုနာဗိုင်းရပ်စ်နှင့်တိုင်ဖွန်းမုန်တိုင်းသတိပေးချက်များထုတ်ပြန်

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ဦးဆောင်သည့် ပါတီအစည်းအဝေး၌ ကိုရိုနာဗိုင်းရပ်စ်နှင့်တိုင်ဖွန်းမုန်တိုင်းသတိပေးချက်များထုတ်ပြန်

ဩဂုတ် ၂၆

 မြောက်ကိုရီးယားမှာ အင်္ဂါနေ့က ခေါင်းဆောင် ကင်ဂျုံအန်ဦးဆောင်တဲ့ အာဏာရအလုပ်သမားပါတီအစည်းအဝေးကျင်းပခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်နဲ့ တိုင်ဖွန်းမုန်တိုင်း သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

ကင်ဂျုံအန်ဟာ သူ့ရဲ့ညီမဖြစ်တဲ့ ကင်ယိုဂျုံကို အာဏာတချို့လွှဲပြောင်းပေးခဲ့တယ်လို့ တောင်ကိုရီးယား လျှို့ဝှက်စုံစမ်းရေးအေဂျင်စီက ပြောဆိုခဲ့ပြီးတဲ့နောက် ကင်ဟာ အခုလို အစည်းအဝေးပွဲ ဦးဆောင်ကျင်းပတဲ့ပုံရိပ်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ကင်ဟာ အစည်းအဝေးမှာ ကပ်ရောဂါတိုက်ဖျက်ရေး အရေးအပေါ်အခြေအနေရဲ့ ချွတ်ယွင်းချက်တွေကို အကဲဖြတ်ခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံဌာန KCNA  မှာ ထုတ်လွှင့်ခဲ့ပါတယ်။  

မြောက်ကိုရီးယားမှာ ယခုသီတင်းပတ်အတွင်း တိုက်ခတ်မယ်လို့ ခန့်မှန်းထားတဲ့ တိုင်ဖွန်းမုန်တိုင်း ဘာဗီကြောင့် သီးနှံတွေ ပျက်စီးဆုံးရှုံးမှုမရှိအောင်နဲ့ လူတွေအသေအပျောက်မရှိအောင် အရေးပေါ်စီမံချက်တွေနဲ့ပတ်သက် ပြီး အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတယ်လို့ KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။  

ကင်ရဲ့ကျန်းမာရေးအခြေအနေဟာ ယိုယွင်းပျက်စီးနေပြီလို့ လေ့လာသုံးသပ်သူတွေက မှန်းဆနေခဲ့ကြတာပါ။ ဒီနှစ်အစောပိုင်းကလည်း ကင်ဟာ သီတင်းပတ်သုံးပတ်လောက်ပျောက်နေခဲ့ပြီး မြောက်ကိုရီးယားတည်ထောင်သူ အဖိုးဖြစ်သူရဲ့ မွေးနေ့နှစ်ပတ်လည်အခမ်းအနားကျင်းပခဲ့တဲ့ ဧပြီလကမှ အများပြည်သူမြင်ကွင်းရှေ့ကို ပြန်လည်ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။  

ပြီးခဲ့တဲ့ လက တောင်ကိုရီးယားဘက်ကပြန်လာတဲ့ ပြည်ပြေးတစ်ယောက်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ သံသယရှိပြီးတဲ့နောက် နယ်စပ်ကေဆောင်မြို့မှာ လော့ဒေါင်းတွေ ချမှတ်ခဲ့ပါတယ်။ ဒီလအစောပိုင်းမှာ ကန့်သတ်မှုတွေ ဖြေလျှော့ပေးခဲ့ပြီး ရောဂါကူးစက်မှုကိုတော့ အတည်ပြုခဲ့ခြင်း မရှိပါဘူး။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly