ရခိုင်ပြည်နယ်တွင် COVID-19 ကူးစက်ခံထားရသည့် ကျန်းမာရေးဝန်ထမ်း ၁၀ဦးအထိရှိလာ

ရခိုင်ပြည်နယ်တွင် COVID-19 ကူးစက်ခံထားရသည့် ကျန်းမာရေးဝန်ထမ်း ၁၀ဦးအထိရှိလာ

သြဂုတ် ၂၄ရက်

ကျန်းမာရေးဝန်ကြီးဌာန၏ သြဂုတ် ၁၆ရက်မှ ၂၄ရက် နံနက်ပိုင်းအထိထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်တွင် COVID-19 အတည်ပြုလူနာ မှာ ၇၂ဦးရှိပြီး ထိုထဲတွင် ကျန်းမာရေးဝန်ထမ်း ၁၀ဦးပါဝင်သည်။

ကူးစက်ခံထားရသည့် ကျန်းမာရေးဝန်ထမ်း ၁၀ဦးတို့သည် စစ်တွေမြို့မှဖြစ်ပြီး အထူးကု ဆရာဝန်တစ်ဦး၊ သူနာပြု ရှစ်ဦးနှင့် မြို့နယ်ကျန်းမာရေး ကြီးကြပ်(၂) တစ်ဦးတို့ဖြစ်ကြောင်း ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ဆိုသည်။

ထိုကူးစက်ခံထားရသည့် ကျန်းမာရေးဝန်ထမ်း ၁၀ဦးမှာ လူနာအမှတ်(၃၉၅)၊ (၄၃၆)၊ (၄၅၉)တို့သည် အမျိုးသားများဖြစ်ပြီး လူနာအမှတ်(၃၉၈)၊ (၄၃၀)၊ ၊ (၄၄၅)၊ (၄၄၆)၊ (၄၄၇)၊ (၄၄၈)၊ (၄၄၉)တို့သည် အမျိုးသမီးများ ဖြစ်သည်။

ထိုသို့ ကျန်းမာရေးဝန်ထမ်များ ရောဂါကူးစက်ခံရမှု မြင့်မားလာခြင်းသည် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ရောဂါကူးစက်နိုင်ချေမြင့်မားသည့် အုပ်စုတွင်ပါဝင်ကြောင်း ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

"ဆရာတို့ရဲ့ ကျန်းမာရေးဝန်ထမ်းသဘောသဘာဝကိုက ကူးစက်နိုင်ချေမြင့်မားတဲ့ အုပ်စုထဲမှာပါတယ်။ ဆရာတို့က ကာကွယ်ရေးဝတ်စုံကြီးလေ PPEလေ အဲ့ဒါကြီးဝတ်ပြီး တစ်နေ့လုံးနေလို့မရဘူး။ အဲ့တော့ ဆရာတို့ရဲ့ သဘောသဘာဝက ဆေးရုံဆေးခန်းဖွင့်ထားတယ် OPTမှာ လူနာကြည့်ရတယ်။ အဲ့လိုအချိန်မျိုးမှာ ငါကိုဗစ်ပါဆိုပြီး နဖူးမှာ တံဆိပ်ကြီးကပ်ပြီး လာတဲ့သူမရှိဘူး။

နှလုံးရောဂါနဲ့ပဲလာလာ သွေးတိုးရောဂါနဲ့ပဲလာလာ  လာတဲ့သူမှာသော်လည်းကောင်း၊ အဲ့လူနာကိုလိုက်ပို့တဲ့သူမှာသော်လည်းကောင်း၊ နောက်ရောဂါသယ်လာပေမယ့် ရောဂါလက္ခဏာမပြတာမျိုးတွေ ရှိနိုင်တယ်။ ဒါမျိုးတွေကို ဆရာတို့ရဲ့ ကျန်းမာရေးဝန်ထမ်းတွေက အမြဲတမ်းကြည့်ပေးနေရတယ်လေ။ မကြည့်ပေးလို့မရဘူး" ဟု ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

အထူးကုဆရာဝန်ဖြစ်သည့် လူနာအမှတ် (၃၉၅) သည် CB Bank ဝန်ထမ်း လူနာအမှတ် (၃၇၅)ထံမှ ကူးစက်ခဲ့ခြင်းဖြစ်ပြီး လူနာအမှတ်(၃၉၈)သည် လူနာအမှတ် (၃၉၅)နှင့် ထိတွေ့မှုရှိခဲ့သည်။  

လူနာအမှတ် (၄၃၀)သည် မြို့နယ်ကျန်းမာရေးကြီးကြပ်(၂)ဖြစ်ပြီး လူနာအမှတ် (၃၇၈)နှင့် ထိတွေ့မှုရှိခဲ့သည့်အတွက် ကူးစက်ခံရခြင်းဖြစ်ကာ လူနာအမှတ်( ၄၅၉)သည် လူနာအမှတ် (၄၃၀)နှင့် ထိတွေ့မှု ရှိခဲ့သည်။

လူနာအမှတ် (၄၄၆)သည် လူနာအမှတ်(၄၁၇)ဖြင့် ထိတွေ့မှုရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

လူနာအမှတ် (၄၃၆)၊ (၄၄၅)၊  (၄၄၇)၊ (၄၄၈)၊ (၄၄၉)တို့သည် စစ်တွေဆေးရုံမှ သူနာပြုများဖြစ်ပြီး ရောဂါပိုးကူးစက်သူနှင့်ထိတွေ့ခဲ့ခြင်းမရှိသည့်အပြင် ခရီးသွားရာဇဝင်လည်းမရှိဘဲ ကူးစက်ခံရခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် သြဂုတ် ၁၆ရက်မှစတင်ကာ ဒေသတွင်းကူးစက်မှုပြန်လည်ဖြစ်ပွားနေပြီး စစ်တွေမြို့တွင် ၆၇ဦး၊ မြောက်ဦးမြို့တွင် ၃ဦး၊ သံတွဲမြို့တွင် ၂ဦး ကူးစက်ခံထားရသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း ဒေသတွင်းကူးစက်မှုပြန်လည်ဖြစ်ပွားနေမှုကြောင့် သြဂုတ် ၂၃ရက်နေ့မနက်က ရခိုင်ပြည်နယ်တွင် မိမိဆန္ဒအလျောက် ယာယီတာဝန်ထမ်းဆောင်ကြမည့် အထူးကု ဆရာဝန်ကြီးတစ်ဦးအပါအဝင် ဆရာဝန် ၂၀ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၄ဦးပါဝင်သည့်အဖွဲ့သည် စစ်တွေလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်းသိရသည်။

ထိုထဲတွင် ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး တစ်ဦး၊ ရောဂါဗေဒအထူးကုဆရာဝန်ကြီး တစ်ဦး၊ လက်ထောက်ဆရာဝန် ၁၉ဦး၊ သူနာပြုအုပ်ကြီး တစ်ဦး၊ အထက်တန်း သူနာပြုတစ်ဦးနှင့် သူနာပြုတစ်ဦးတို့ ပါဝင်ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ပိုးသည် ယခင်က D614 မျိုးဗီဇအဆင့်သာရှိခဲ့ပြီး လက်ရှိတွေ့ရှိနေရသည့် ကိုရိုနာဗိုင်းရပ်စ်ပိုးသည် G614 သို့ မျိုးဗီဇပြောင်းလဲလာခြင်းဖြစ်ကြောင်း ဆေးသုတေသနဦးစီးဌာနထံမှ သိရသည်။

အဆိုပါ ကိုရိုနာဗိုင်းရပ်စ်ပိုး G614 ကို ဓာတ်ခွဲစစ်ဆေးသည့် နမူနာ (၁၀) ခုအနက် (၆) ခုတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး  ကိုရိုနာဗိုင်းရပ်စ်ပိုး G614 ၏  ရောဂါကူးစက်နိုင်မှုသည် ကိုရိုနာဗိုင်းရပ်စ်ပိုး D614 ကူးစက်မှုထက်  ဆယ်ဆအမြန်ဆန်ကြောင်း ဆေးသုတေသနဦးစီး ဌာနမှသိရသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ကောက်ယူထားသည့် ပိုးတွေ့ဓာတ်ခွဲနမူနာများအား အခြား ဓာတ်ခွဲနမူနာများနှင့်အတူ Next Generation Sequencing (NGS) ဖြင့် မျိုးဗီဇတစ်ခုလုံးကို ထပ်မံစစ်ဆေးသွား ရန် ဆောင်ရွက်နေကြောင်း ဆေးသုတေသနဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် သြဂုတ် ၂၄ရက် နံနက်ပိုင်းအထိ COVID-19 အတည်ပြုလူနာ ၄၆၃ ဦးရှိပြီဖြစ်ပြီး ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၃၄၁) ဦးရှိသည့်အနက် (၃၃၅) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုကာ သတ်မှတ်နေရာများတွင် အသွားအလာကန့်သတ်ထားရှိပြီး စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly