ဆောက်သမ်းအသင်း နိုင်ငံခြားကစားသမား အသုံးပြုရန် မသေချာသေး

ဆောက်သမ်းအသင်း နိုင်ငံခြားကစားသမား အသုံးပြုရန် မသေချာသေး
၂၀၁၅ လိဂ်-၂ အမှတ်ပေးချန်ပီယံ ဆောက်သမ်းအသင်း။  (ဓာတ်ပုံ - MFF)

နိုဝင်ဘာ ၁၀၊ ရန်ကုန်။         ။၂၀၁၅ မြန်မာနေရှင်နယ်လိဂ်-၂ အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ချန်ပီယံဆုရရှိကာ နေရှင်နယ်လိဂ်သို့ တန်းတက်လာသော ဆောက်သမ်းအသင်းသည် ၂၀၁၆ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် နိုင်ငံခြားကစားသမားထည့်သွင်းအသုံးပြုရန် မသေချာ သေးပေ။

လိဂ်-၂ ပြိုင်ပွဲတွင် ရှုံးပွဲမရှိစံချိန်ဖြင့် ချန်ပီယံဖြစ်ခဲ့သော ဆောက်သမ်းအသင်းသည် ၂၀၁၆ နေရှင်နယ်လိဂ်အမှတ်ပေး ဘောလုံးပြိုင်ပွဲတွင် မော်လမြိုင်ကွင်းအား အိမ်ကွင်းအဖြစ် အသုံးပြုနိုင်ရန် ကြိုးပမ်းနေသည်။

အလားတူ အသင်းတွင် နိုင်ငံခြား ကစားသမား ထည့်သွင်းအသုံးပြုရန် လက်ရှိအချိန်ထိ မသေချာသေးပေ။ ' နိုင်ငံခြားကစားသမား သုံး၊ မသုံးကို အသင်းအုပ် ချုပ်မှုအဖွဲ့ကို တင်ထားပါတယ်။

နိုဝင်ဘာလလယ်လောက်မှာ နိုင်ငံခြား ကစားသမား သုံး၊ မသုံး အဖြေကို တိတိကျကျ သိရ မယ်လို့ ထင်ပါတယ်'ဟု ဆောက်သမ်းအသင်း အုပ်ချုပ်သူ ဦးမြင့်ကြူးက မဇ္ဈိမသို့ ပြောသည်။

ဆောက်သမ်းအသင်းသည် ၂၀၁၄ နေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲအပြီးတွင် လိဂ်-၂ သို့ တန်းဆင်းခဲ့ရပြီး ၂၀၁၅ လိဂ်-၂ အမှတ်ပေးပြိုင်ပွဲ တွင် ၁၄ ပွဲနိုင်၊ လေး ပွဲသရေ ၊ ရှုံးပွဲ မရှိစံချိန်ဖြင့် ၂၀၁၆ နေရှင်နယ်လိဂ်သို့ တန်းပြန်တက်ခဲ့သည်။

အလားတူ ၂၀၁၅ လိဂ်-၂ ပြိုင်ပွဲ တွင် ဒုတိယရရှိခဲ့သော Horizon အသင်းမှာလည်း ၂၀၁၆ နေရှင်နယ်လိဂ်သို့ ပထမဆုံးအကြိမ် တန်းတက်ကစားခွင့်ရခဲ့သည်။

လက်ရှိအချိန်တွင် ဆောက်သမ်းအသင်း အိမ်ကွင်းအဖြစ် အသုံးပြုမည့် မော်လမြိုင်ဘောလုံးကွင်းသည် ရာနှုန်းပြည့် နီးပါး ပြီးစီးနေပြီဖြစ်သော်လည်း အိမ်ကွင်းအဖြစ် အသုံးပြုမည်ကိုမူ အသင်းမှ တရားဝင် သတင်းထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly