နှစ် ၃၀ အတွင်း ကမ္ဘာမျက်နှာပြင်မှ ရေခဲတန်ချိန် ၂၈ ထရီလီယံ ပျောက်ကွယ်သွား

နှစ် ၃၀ အတွင်း ကမ္ဘာမျက်နှာပြင်မှ ရေခဲတန်ချိန် ၂၈ ထရီလီယံ ပျောက်ကွယ်သွား
Husky dogs wade over sea ice during an expedition in north-western Greenland, where ice loss has been triggered by rising sea levels and atmospheric temperatures. Photograph: Steffen Olsen/Centre for Ocean and Ice at the/AFP/Getty Images

ဩဂုတ် ၂၄

၁၉၉၄ ခုနှစ်မှ စတင်ပြီး ကမ္ဘာ့မျက်နှာပြင်မှ ရေခဲ တန်ချိန် ၂၈ ထရီလီယံ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု မြင့်မားခြင်းကြောင့် ဖြစ်ပေါ်သော ကမ္ဘာကြီး ပူနွေးလာမှုတွင် ရေခဲမည်မျှ ဆုံးရှုံးသည်ကို ဗြိတိန်ပညာရှင်များက တွက်ချက်ခဲ့ပြီး ယခု အံ့ဩမှင်တက်စရာ ရလဒ်ကို ထုတ်ပြန်ခြင်း ဖြစ်သည်။

လိဒ်နှင့် အီဒင်ဘတ်မှာ ရှိသော တက္ကသိုလ်များနှင့် University College London တို့မှ ဗြိတိန်ပညာရှင်များက ကမ္ဘာ့ဝင်ရိုးစွန်းများ၊ တောင်စဉ်တောင်တန်းများနှင့် ရေခဲမြစ်များကို ဂြိုဟ်တုမှ တိုင်းထွာကာ သုတေသနပြုပြီး ထုတ်ပြန်ခြင်း ဖြစ်သည်။

A glacier melting in Svalbard archipelago. Photograph: Jan Tove Johansson/Getty Images

ယခု ရေခဲများ ဆုံးရှုံးမှု ပမာဏာသည် မယုံနိုင်အောင်ပင် ဖြစ်ကြောင်း ယင်း ပညာရှင်အဖွဲ့က ဖော်ပြပြီး ရေခဲမြစ်များ၊ ရေခဲပြင်များ အရည်ပျော်ခြင်းမှ ပင်လယ်ရေမြင့်တက်မှုသည် ရာစုအကုန်တွင် တစ်မီတာအထိ ရောက်ရှိနိုင်သည်ဟု ၎င်းတို့၏ သုတေသနက ညွှန်ပြနေကြောင်း သတိပေးသည်။

“ဒီအခြေအနေပေါ် မူတည်ရရင် ပင်လယ်ရေမျက်နှာပြင် တစ်စင်တီမီတာ မြင့်တက်တိုင်းမှာ အနိမ့်ပိုင်းဒေသတွေက လူ တစ်သန်းခန့် နေရပ်ပြောင်းရွှေ့ရမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်တယ်။”ဟု လိဒ်တက္ကသိုလ်၊ ဝင်ရိုးစွန်းစောင့်ကြည့်ခြင်းနှင့် အရည်ပျော်ခြင်းဆိုင်ရာ စင်တာမှ ညွှန်ကြားရေးမှူးဖြစ်သူ ပါမောက္ခ အန်ဒီရှက်ပက်ဒ်က ပြောသည်။

ယခု ပမာဏမျှ ရေခဲများ အရည်ပျော်ခြင်းသည် ဆိုလာရောင်ခြည်များ ရောင်ပြန်ဟပ်ပြီး အာကာသသို့ ပို့လွှတ်နိုင်သည့် ကမ္ဘာ၏ စွမ်းဆောင်ရည်ကိုလည်း ဆိုးဆိုးဝါးဝါး ကျဆင်းနေစေသည်ဟု သိပ္ပံပညာရှင်များက သတိပေးသည်။

ရေခဲဖြူများ ပျောက်ကွယ်လာနေပြီး ပင်လယ်နက် သို့မဟုတ် မြေဆီမြေလွှာတို့က အပူကို ပို၍ ပို၍ စုပ်ယူနေခြင်းတို့ကြောင့် ကမ္ဘာ့ကြီး ပူနွေးမှုသည် ယခုထက်ပိုပြီး တိုးမြင့်လာနေသည်။

Meltwater rushes from Boyabreen glacier in Fjaerland, Norway – a process accelerated by global heating. Photograph: Sean Gallup/Getty Images

ထိုပြင် ရေခဲမြစ်များနှင့် ရေခဲပြင်များ အရည်ပျော်ခြင်းမှ စီးဆင်းသော ရေအေးများသည် အာတိတ်နှင့် အန္တာတိကရေပြင်၏ သဘာဝလည်ပတ်မှု ဖြစ်စဉ်ကို အကြီးအကျယ် ပျက်စီးစေလျက် ရှိသည်။

တောင်စဉ်တောင်တန်းများမှ ရေခဲမြစ်များ ဆုံးရှုံးရခြင်းကြောင့် ဌာနေလူအသိုင်းအဝိုင်း၏ ရေအရင်းအမြစ်ကိုလည်း ခြိမ်းခြောက်လျက် ရှိသည်။

“အရင်က ရေခဲတွေ အရည်ပျော်နေတဲ့ အန္တာတိက ဒါမှမဟုတ် ဂရင်းလန်းလို သီးခြားနယ်မြေတွေကိုပဲ သုတေသနပညာရှင်တွေက အာရုံစိုက် သုတေသနပြုခဲ့တာ ဖြစ်တယ်။ ဒါပေမယ့် တစ်ကမ္ဘာလုံးမှာ ရေခဲတွေ ဆုံးရှုံးပျောက်ကွယ်နေတာကို အခုဟာက ပထမဆုံး သုတေသနပြုတာပဲ ဖြစ်တယ်။”ဟု ရှက်ပက်ဒ်က ဆိုသည်။

“ဒီလို သုတေသနပြုတော့မှ တွေ့ရှိချက်ဟာ ကျွန်တော်တို့ကို မှင်တက်တုန်လှုပ်သွားစေတယ်။”ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly