ကိုယ်ကျင့်တရား မရှိဘဲ ရက်စက်ကြမ်းကြုတ်သူဟု ထရမ့်ကို အစ်မဖြစ်သူ ပြောထားသည့် အသံဖိုင် ပေါက်ကြား

ကိုယ်ကျင့်တရား မရှိဘဲ ရက်စက်ကြမ်းကြုတ်သူဟု ထရမ့်ကို အစ်မဖြစ်သူ ပြောထားသည့် အသံဖိုင် ပေါက်ကြား

ဩဂုတ် ၂၄

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်သည် ကိုယ်ကျင့်တရား မရှိသော လူလိမ်ဖြစ်သည်ဟု ၎င်း၏ အစ်မဖြစ်သူ အငြိမ်းစားတရားသူကြီးက ပြောထားသည့် အသံဖိုင် ပေါက်ကြားလာခဲ့သည်။

နိုဝင်ဘာ ရွေးကောက်ပွဲအတွက် ယှဉ်ပြိုင်နေကြရာတွင် ထရမ့်၏ စရိုက်အပေါ် နောက်ဆုံး တိုက်ခိုက်လာချက်လည်း ဖြစ်သည်။

အဆိုပါ အသံဖိုင်တွင် အသက် ၈၃ နှစ်အရွယ် မာရီယာနီထရမ့်ဘာရီက ရီပတ်ဘရီကန်သမ္မတကို လိမ်လည်ဟန်များသူအဖြစ် ဝေဖန်ထားပြီး ရက်စက်ကြမ်းကြုတ်သူဟုလည်း ပြောဆိုထားသည်။

ယင်း အသံဖိုင်မှာ ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်အတွင်း တွေ့ဆုံစကားပြောဆိုမှုများအတွင်း ထရမ့်ဘာရီ၏ ပြောဆိုချက်များကို တူမဖြစ်သူ မာရီက လျှို့ဝှက်အသံဖမ်းထားသည့် အသံဖိုင်များဖြစ်ကာ ဝါရှင်တန်ပို့စ်သို့ ထို တူမဖြစ်သူကိုယ်တိုင်က ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ဒီမိုကရက်တစ် သမ္မတလောင်း ဂျိုးဘိုင်ဒင်ကို ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ပြီး ထရမ့်အနေဖြင့် နောက် လေးနှစ်သက်တမ်း ရွေးချယ်ခံရရန် ရီပတ်ဘရီကန်ပါတီ၏ စုံညီထောက်ခံပွဲ မတိုင်မီ ရက်ပိုင်းအလို၌ ယခု အသံဖိုင်များ ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်ကလည်း ရီပတ်ဘရီကန်မှ အမျိုးသားလုံခြုံရေးတာဝန်ရှိသူဟောင်း ၇၀ ကျော်ထက်မနည်းက ဂျိုးဘိုင်ဒင်ကို ထောက်ခံခဲ့ကြသည်။ ထရမ့်သည် သမ္မတအဖြစ် တာဝန်ယူရန် မသင့်တော်သော အကျင့်ပျက်သည့် အမူအကျင့်များ ရှိနေသည်ဟု ၎င်းတို့ ပြောကြသည်။

အစ်မဖြစ်သူ၏ ပြောဆိုချက်များကို ထုတ်ပြန်ချက်တစ်ရပ် ရေးသားပြီး ထရမ့်က ပယ်ချသည်။

“ဂရုစိုက်တဲ့သူတွေအတွက်တော့ နေ့စဉ်နေ့တိုင်းဟာ အရေးကိစ္စတွေ ရှိနေမှာပဲ။ ကျွန်တော်တို့ နိုင်ငံဟာ မကြာခင်မှာ အရင်ကထက် ပိုပြီး ခိုင်မာအားကောင်းလာမှာ ဖြစ်တယ်။”ဟု ထရမ့်က ဆိုသည်။

ထင်မြင်ချက်ပေးရန် ထရမ့်ဘာရီထံသို့ ဆက်သွယ်၍ မရသေးပေ။

သမ္မတထရမ့်၏ တူမဖြစ်သူ အသံဖိုင်များအား သတင်းဌာနသို့ ပေးပို့ခဲ့သည် စိတ်ပညာရှင် မာရီထရမ့်က ဇူလိုင်လအတွင်း ထုတ်ဝေသည့် စာအုပ်တွင် ထရမ့်က အတ္တကြီးရာမှဖြစ်သော စိတ်ပိုင်းဆိုင်ရာကို ခံစားနေရဖွယ်ရှိသည်ဟု ကောက်ချက်ချထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly