UNအပါအဝင် INGO၊ NGOများ မဖြစ်မနေလုပ်ငန်းများမှလွဲ၍ အခြားခွင့်မပြုတော့

UNအပါအဝင် INGO၊ NGOများ မဖြစ်မနေလုပ်ငန်းများမှလွဲ၍ အခြားခွင့်မပြုတော့

ဩဂုတ် ၂၂

COVID-19 ရောဂါ ရခိုင်ပြည်နယ်အတွင်းကူးစက်မှုဖြစ်ပွားနေမှုအခြေအနေကြောင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ UN အပါအဝင် INGO၊ NGO အစိုးရမဟုတ်သောအဖွဲ့အစည်းများအနေဖြင့် မဖြစ်မနေဆောင်ရွက်သင့်သည့်လုပ်ငန်းမှ အပ အခြားခွင့်မပြုကြောင်း ရခိုင်ပြည်နယ်၊ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းက မဇ္ဈိမကို ပြောသည်။

“အဓိကကတော့ ခါတိုင်းသူတို့ လုပ်နေတဲ့ ကိစ္စတွေကတော့ သင်တန်းပေးတာတွေရှိတယ်။ နောက်ပြီးတော့ ကိုဗစ်နဲ့ပတ်သက်ပြီးတော့ သင်တန်းပေးတာပေါ့နော်။ Case  ၃၇၇ က ကိုဗစ်နဲ့ပတ်သက်ပြီး သင်တန်းသွား ပေးတယ်။ အင်တာဗျူးတွေ လုပ်ခဲ့တယ်။ အဲ့ဒါမျိုးတွေရှိဖူးတယ်။ အဲ့ဒီမှာ သူနဲ့ ဆက်စပ်ပြီးတာတွေလည်း ပေါ်လာတာပေါ့နော်။ အဲ့ဒီဟာတွေက ဟိုဘက်ကန့်ထဲက လူတွေကို မကူးနိုင်ဖို့အတွက် သာမန်အရေးမကြီးတာတွေ ကို မလုပ်ခိုင်းတော့ဘူး” ဟု ၎င်းက ပြောသည်။

UN၊ INGO၊ NGO များအနေဖြင့် စားနပ်ရိက္ခာထောက်ပံ့ခြင်း၊ COVID-19 ကာကွယ်ရေးပစ္စည်းများထောက်ပံ့ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ရေနှင့် မိလ္လာရေဆိုးစနစ်ဆောင်ရွက်ခြင်းလုပ်ငန်းများ စသည့် မဖြစ်မနေဆောင်ရွက်သင့်သည့်လုပ်ငန်းများကိုသာ ဆောင်ရွက်ခွင့်ပြုသွားမည်ဖြစ်ပြီး ကိုဗစ်ကာကွယ်ရေးစည်းကမ်းချက်များနှင့် အညီဆောင်ရွက်ရမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သြဂုတ်လ ၂၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပစ္စည်းထောက်ပံ့မှုများဆောင်ရွက်ရာတွင်လည်း ကာယကံရှင်များထံတိုက်ရိုက်ပေးအပ်ခြင်းမပြုရန်နှင့် သက်ဆိုင်ရာတိုက်ပွဲရှောင်စခန်းစီမံခန့်ခွဲမှုကော်မတီ၊ IDP စခန်းစီမံခန့်ခွဲမှုကော်မတီနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ် ရေးမှူးများကိုသာ ပေးအပ်ရမည်ဖြစ်ကြောင်း သိရသည်။

အခြားစီမံကိန်းလုပ်ငန်းများ၊ ဆွေးနွေးပွဲများ၊ သင်တန်းများ၊ အစည်းအဝေးများနှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခွင့်ပြုမည်မဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဗိုလ်မှူးကြီး မင်းသန်းက “ငါတို့ ရခိုင်ပြည်နယ်မှာ ကိုဗစ်ကူးစက်တာကတော့ တစ်ခြားနေရာတွေထက်စာရင် မြန်တဲ့ အနေအထားဖြစ်နေတယ်။ ကူးစက်မှုနှုန်းက မြန်တဲ့အပြင်ကို သူ့ရဲ့ ဆက်စပ်တဲ့ လူတွေကလည်း များတယ်။ ပိုးရှိတဲ့သူတွေနဲ့ ထိတွေ့တာများတော့ လက်ရှိကွာရန်တင်းစင်တာမှာလည်း လူတွေများတယ် ထည့်ထားရတာ။ ပြည်သူကို ပြောချင်တာကတော့ မိမိကိုယ်တိုင်အသိတရားနဲ့ ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုတယ်လို့ ပြောချင်ပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ညမထွက်ရအမိန့်ထုတ်ပြန်ခြင်း၊ကျောင်းများယာယီပိတ်လိုက်ခြင်း၊ပြည်နယ်လွှတ်တော်အစည်းအဝေးများရွှေ့ဆိုင်းခြင်း နှင့် လူစုလူဝေးပြုလုပ်မှုနှင့် နှာခေါင်းစည်းမတပ်သူများအား တင်းကျပ်စွာအရေး ယူနေခြင်းများဆောင်ရွက်လျှက်ရှိသည်။

သြဂုတ်လ ၂၂ ရက်နေ့မနက်အထိ ရခိုင်ပြည်နယ်တွင် ကိုဗစ်ကူးစက်ခံရသူ ၄၅ ဦးရှိနေပြီး စစ်တွေမြို့အခြေစိုက် INGO အဖွဲ့အစည်းမှ ဝန်ထမ်းတစ်ဦး၊ မြောက်ဦးမြို့မှ NGO ဝန်ထမ်းတစ်ဦး ပါဝင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly