အနိုင်ရသူကိုသာ အမှတ်ရကြလိမ့်မယ်လို့ အင်တာကို ကွန်တီ သတိပေး

အနိုင်ရသူကိုသာ အမှတ်ရကြလိမ့်မယ်လို့ အင်တာကို ကွန်တီ သတိပေး
Photos: EPA

နည်းပြ အန်တိုနီယို ကွန်တီက အင်တာမီလန်အသင်းဟာ သောကြာနေ့မှာ ဆီဗီလာက အနိုင်ယူပြီး ယူရိုပါလိဂ်ဖလား မကိုင်မြှောက်နိုင်ပါက ဆယ်စုနှစ်တစ်ခုအတွင်း ဗိုလ်လုပွဲကို ပထမဆုံးတက်လှမ်းနိုင်ခဲ့တဲ့ သူတို့အသင်းရဲ့ တိုးတက်မှုဟာ တန်ဖိုးထားဂုဏ်ယူစရာဖြစ်မှာ မဟုတ်ဘူးလို့ သူ့ရဲ့ ကစားသမားတွေကို သတိပေးလိုက်ပါတယ်။ 

အင်တာမီလန်အသင်းဟာ ၉ နှစ်တာအတွင်း ဘာဆုဖလားမှ ရယူနိုင်ခြင်းမရှိခဲ့ပေမယ့်လည်း စီးရီးအေဇယားထိပ်က နှစ်ရှည်ချန်ပီယံ ဂျူဗင်တပ်စ်အသင်းနဲ့ တစ်မှတ်အကွာ နီးကပ်စွာ ရပ်တည်နိုင်ခဲ့ပြီး ကွန်တီကိုင်တွယ်တဲ့ ပထမဆုံးရာသီမှာပဲ ကြီးမားတဲ့ တိုးတက်မှု ခြေလှမ်းတွေ လှမ်းနိုင်ခဲ့ပါတယ်။  

အင်တာဟာ ဂျာမနီမြောက်ပိုင်းမှာ ယခုလအစောပိုင်းက ယူရိုပါလိဂ်ပြန်လည်စတင်ပြီးနောက်ပိုင်း ဂီတာဖေး၊ ဘိုင်ယန်လလေဗာကူဆင်နဲ့ ရှက်တာဒိုးနက်အသင်းတို့ကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲအဆင့်ထိ ရောက်လာတာပါ။

 

ကွန်တီဟာ ကစားသမားတစ်ယောက်အနေနဲ့ ဂျူဗင်တပ်စ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ရယူခဲ့ပေမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲ နှစ်ကြိမ်၊ အီတလီအသင်းနဲ့အတူ ၁၉၉၄ ကမ္ဘာ့ဖလား၊ ယူရို ၂၀၀၀ ဗိုလ်လုပွဲတွေမှာ ရှုံးနိမ့်တာတွေ အပါအဝင် အဓိကပြိုင်ပွဲရပ် ဗိုလ်လုပွဲတွေမှာ အရေးနိမ့်ခဲ့ရတဲ့ အတွေ့အကြုံတွေ ပိုရင်ဆိုင်ခဲ့ပါတယ်။

"ကျနော် ဘာသိထားလဲဆိုတော့ လူတွေက ဗိုလ်လုပွဲမှာ အနိုင်ရတဲ့သူကိုပဲ အမှတ်ရကြတယ်ဆိုတာပါ။" လို့ ဂျူဗင်တပ်စ်၊ ချယ်လ်ဆီးနဲ့ အီတလီနည်းပြဟောင်းက ကြာသပတေးနေ့က ပြုလုပ်တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

"ကျနော် ချန်ပီယံလိဂ်ဖလားရခဲ့ပါတယ်။ ဒါပေမယ့် ဗိုလ်လုပွဲ ၄ ပွဲရှုံးနိမ့်ခဲ့ဖူးပါတယ်။ လူတွေက အနိုင်ရတဲ့ပွဲတွေနဲ့ ရယူနိုင်ခဲ့တဲ့ ဆုဖလားကိုပဲ သမိုင်းမှာ သူတို့ မှတ်သားကြပါတယ်။

"ကျနော်တို့အသင်း ၁၀ နှစ်အတွင်း ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့တာ ဂုဏ်ယူစရာပါ။ အထူးသဖြင့် အင်တာလို ဂုဏ်သိက္ခာကြီးမားတဲ့ အသင်းနဲ့ တက်ရောက်နိုင်ခဲ့တာပါ။ ဒါပေမယ့် သမိုင်းဆိုတာ အောင်နိုင်သူတွေ၊ ဆုဖလားရရှိသူတွေကသာ ရေးသားရတာပါ။ ဒါက ကျနော်တို့အတွက် စိတ်ဓာတ်မြှင့်တင်မှုတစ်ခုအဖြစ် ထည့်သွင်းပြီး အနိုင်ရအောင် လုပ်ဆောင်သွားမှာပါ။" 

ဆီဗီလာအသင်းဟာ ပြီးခဲ့တဲ့ ၁၄ နှစ်တာကာလအတွင်း ပြိုင်ပွဲမှာ ဆုဖလား ၅ ကြိမ်ရယူနိုင်ခဲ့တာကြောင့် ယူရိုပါလိဂ်သမိုင်းမှာ အအောင်မြင်ဆုံးအသင်းဖြစ်ပါတယ်။ 

ဒါပေမယ့် ဆီဗီလာအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အင်တာမီလန်အသင်းက ပိုမိုရေပန်းစားနေတဲ့အဖြစ် သတ်မှတ်ခဲ့ထားရပါတယ်။ 

Ref; AFP 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly