Facility Quarantine ဝင်နေသည့် ထိုင်းပြန် အမျိုးသမီး ၁ ဦး ထားဝယ်မြို့ ပြည်သူ့ဆေးရုံးကြီး၌ ရောဂါ အခံဖြင့် သေဆုံး

Facility Quarantine ဝင်နေသည့် ထိုင်းပြန် အမျိုးသမီး ၁ ဦး ထားဝယ်မြို့ ပြည်သူ့ဆေးရုံးကြီး၌ ရောဂါ အခံဖြင့် သေဆုံး
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

ထားဝယ်၊ သြဂုတ် (၂၁)

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရှိ မြို့တော်ခန်းမတွင်  Facility Quarantine ဝင်နေသည့် ထိုင်းနိုင်ငံမှပြန် လာသူအမျိုးသမီး တစ်ဦးသည် သြဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက ထားဝယ်မြို့ ပြည်သူ့ ဆေးရုံးကြီး၌ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ကြောင်း ယင်းဆေးရုံမှ တာဝန်ရှိသူက ပြောသည်။

၎င်းအမျိုးသမီးမှာ သရက်ချောင်းမြို့နယ်၊ မြိုတော်ခန်းမအတွင်း Facility Quarantine ထားရှိ၍ အသွားအလာ စောင့်ကြပ်ကြည့်ရှု့ ခံထားရသူ တစ်ဦး ဖြစ်ပြီး၊ သြဂုတ်လ ၁၃ ရက်နေ့၏ COVID-19 ရောဂါပိုး ရှိ/မရှိ နှာခေါင်း တို့ဖတ်၊ အာခေါင် တို့ဖတ် (Swab) နမူနာ ရယူ စစ်ဆေးခဲ့ရာ (Negative) အဖြေ ထွက်ရှိခဲ့သူ ဖြစ်သည်။

ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

“သူက  Q စခန်းမှာ အသွား အလာ စောင့်ကြပ် ကြည့်ရှု့ခံ ထားရတဲ့ အမျိုးသမီး တစ်ဦးပါ၊ နောက်ပြီး သူမှာ ဆီးချိုရောဂါ ရင့်မာရှိတယ်၊ သွေးတိုး ရောဂါ၊ နာတာရှည် ကျောက်ကပ် စတဲ့ ရောဂါ အခံတွေနဲ့ သေဆုံး သွားတာ ဖြစ်တယ်” ဟု ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံကြီးမှ တာဝန်ကျ ဆရာဝန်တစ်ဦးက ပြောသည်။

ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

သေဆုံးသူ အမျိုးသမီးသည် Facility Quaran tine တွင် နေထိုင်စဉ်အတွင်း  ၂၁ ရက် ပြည့်ခြင်း မရှိသေးသည့် အတွက် ၎င်း၏ရုပ်အလောင်းကို နေအိမ်သို့ ပြန်လည်သယ်ဆောင်ရန် သက်ဆိုင်ရာက ခွင့်မပြုဘဲ ထားဝယ်မြို့တွင်သာ သင်္ဂြိုဟ်လိုက်ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးသည် သြဂုတ်လ ၅ ရက်နေ့က မြဝတီနယ်စပ်ဂိတ်မှ တဆင့် ထိုင်းနိုင်ငံမှမြန်မာနိုင်ငံသို့  ပြန်လည်ဝင်ရောက်လာသူ တစ်ဦး ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly