အစ္စလမ္မာဘတ်လေဆိပ်၌ တရုတ်တည်ဆောက်ထားသော မျက်နှာကြက် ပြိုကျ

အစ္စလမ္မာဘတ်လေဆိပ်၌ တရုတ်တည်ဆောက်ထားသော မျက်နှာကြက် ပြိုကျ

သြဂုတ် ၂၀   

ပါကစ္စတန်နိုင်ငံတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မိုးရွာသွန်းမှုကြောင့် အစ္စလမ္မာဘတ် နိုင်ငံတကာလေဆိပ် (IIAP) ရှိ မျက်နှာကြက် အစိတ်အပိုင်းတချို့ အောက်သို့ ပြိုကျခဲ့ပုံကို ရိုက်ကူးထားသည့် ဗီဒီယိုတစ်ခုကို ဆိုရှယ်မီဒီယာပေါ်တွင် ဝေမျှသူ များပြားလျက် ရှိသည်။  ယင်းဗီဒီယိုတွင် အစ္စလမ်ဘတ် လေဆိပ်၏ ဧည့်ခန်းရှိ မျက်နှာကြက်ကို ရိုက်ကူးထားပြီး မိုးရေများ တစ်စက်စက် ယိုကျနေချိန် မျက်နှာကြက် အစိတ်အပိုင်းတစ်ခု ပြိုကျနေခဲ့စဉ် လူများသည် မိုးရေစိုရွှဲနေသည့် လေဆိပ်ကြမ်းပြင်တစ်လျှောက် လမ်းလျှောက်ထွက်ခွာခဲ့ကြရပုံကို မြင်တွေ့ခဲ့ရသည်။  

၂၀၁၈ ခုနှစ်က ဖွင့်ပွဲပြုလုပ်ခဲ့သည့် အဆိုပါလေဆိပ် တည်ဆောက်မှုလုပ်ငန်းကို တရုတ်နိုင်ငံပိုင် ဆောက်လုပ်ရေး အင်ဂျင်နီယာကော်ပိုရေးရှင်း (CSCEC) က တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်သည်။ CSCEC သည် တရုတ်၏ အကြီးဆုံးသော နိုင်ငံပိုင် ဆောက်လုပ်ရေးကုမ္ပဏီများအနက် တစ်ခုဖြစ်သည်။  IIAP ၏ ချွတ်ယွင်းချက်ရှိနေသည်ဆိုသော တည်ဆောက်မှုပိုင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို ပြီးခဲ့သည့်နှစ်နှစ်ကြာက လုပ်ဆောင်ထားခဲ့သည်။

 ယခင်ကာလများအတွင်း အစောပိုင်းအခိုက်အတန့်များကလည်း လေဆိပ်ထဲသို့ မိုးရေ ၀င်ရောက်မှုများ ရှိခဲ့သည်။  IAAP တွင် မိုးကြောင့် ဖြစ်ခဲ့သည့် ထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်၍ ညွန်ကြားရေးမှူးချုပ်ဖြစ်သူက ထည့်သွင်းစဉ်းစားထားကြောင်း ပါကစ္စတန် အရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့ (PCAA) က နောက်တစ်နေ့တွင် တွစ်တာကနေတဆင့် ပြောသည်။   “အမြဲတမ်း ဖြေရှင်းချက်နည်းလမ်းတစ်ခုနဲ့အတူ သုံးရက်အတွင်း ပြည့်စုံတဲ့ အစီရင်ခံစာတစ်စောင်တင်ဖို့ ညွန်ချုပ်က လမ်းညွန်ထားပါတယ်” ဟု ယင်းက တွစ်တာတွင် ပြောသည်။

 မိုးကြီးမှုကြောင့် ဖြစ်ခဲ့သည့် ကြီးမားသည့် ယိုစိမ့်မှုတစ်ခုကြောင့် ခရီးသည် နားနေဆောင် အပေါ်အမိုးတွင် မိုးရေစက်များ စီးကျမှုကိုဖြစ်စေခဲ့သည်ဟု လေဆိပ်မန်နေဂျာနှင့် ပြုပြင်ထိန်းသိမ်းရေးဝန်ထမ်းများက ပြောသည်။   
ပါကစ္စတန်ရှိ တွစ်တာသုံးသူများကမူ နိုင်ငံရေးသမားများအပေါ် ဝေဖန်ခဲ့ပြီး ယခုဖြစ်စဉ်တွင် အခြေခံအဆောက်အအုံ ညံ့ဖျင်းမှုအတွက် ၎င်းတို့အပေါ် အပြစ်ဖို့ခဲ့သည်။  ဗီဒီယိုကို တင်ခဲ့သည့် ပါကစ္စတန် ဂျာနယ်လစ်တစ်ဦး ဖြစ်သည့် အိုမာ အာ ကွေရိုင်ရှီက “ဒီဖြစ်စဉ်အတွက် ဖြေရှင်းချက်ပေးဖို့ အစ္စလမ်မာဘတ်လေဆိပ် ကန်ထရိုက်တာကို ခေါ်မှာလား၊ မခေါ်ဘူးလား” ဆိုပြီး တွစ်တာတွင် ရေးသားခဲ့သည်။  အခြားသော တွစ်တာသုံးသူတစ်ဦး ဖြစ်သည့် ရှာဖီ မိုဟာမက် ခါတာနာကလည်း “အသစ်စက်စက် ဆောက်ထားတဲ့ အစ္စလမ်မာဘတ် နိုင်ငံတကာလေဆိပ်လေ၊ ဒါ တရုတ်ပစ္စည်းတွေကြောင့်လား၊ ဒါမှမဟုတ် ဖောဇီ ဖောင်ဒေးရှင်း ကြောင့်လား” ဟု ရေးသားခဲ့သည်။  “IIAP က ၂၀၁၈ နှစ်စမှာ စပြီး အပြည့်အ၀ လည်ပတ်ခဲ့တာပါ၊ လေယာဉ်ပျံသန်းမှုအားလုံးကိုလည်း ဘီနာဇီယာ ဘူတို နိုင်ငံတကာ လေဆိပ်ကနေ အဲဒီကို ပြောင်းရွှေ့ခဲ့တာပါ၊ ဒီလေဆိပ်က မြေဧရိယာ ၄၂၃၈ ဧက အကျယ်ကို လွှမ်းခြုံထားပါတယ်၊ နောက်ပြီး အဆောက်အအုံတွေ မရှိသေးလို့ ဆောက်လုပ်ဖို့ သင့်တော်တဲ့မြေနေရာမှာ ရှိတဲ့ ပထမဆုံး လေဆိပ်လို့ ပြောလို့ရပါတယ်” ဟု Geo News တွင် ဖော်ပြထားသည်။

Y ပုံစံ ဒီဇိုင်းထုတ်ထားသည့် အဆိုပါ လေဆိပ်သစ်တွင် ခရီးသည် တက်သည့် တံတား ၁၅ ခု၊ terminal တစ်ခု၊ လေယာဉ်ပြေးလမ်းနှစ်ခု၊ စင်္ကြန် သုံးခု၊ A380 နှစ်ထပ်လေယာဉ်ကြီးနှစ်စင်းကို ထားရှိနိုင်သည့် အဆောက်အအုံများ၊ ပစ္စည်းထားရန်နှင့် ကားရပ်ရန် စသည်အတွက် သတ်မှတ်ထားသည့် နေရာ ၁၅ ခု နှင့် လေယာဉ်ငယ်များအတွက် နေရာခုနစ်ခုတို့ ပါဝင်ကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly