စစ်တွေမှ ရန်ကုန်လာမည့်သူများ ကိုဗစ်ရှိ၊ မရှိ အာခေါင်တို့ပတ် ၂ ကြိမ်စစ်ရမည်

စစ်တွေမှ ရန်ကုန်လာမည့်သူများ ကိုဗစ်ရှိ၊ မရှိ အာခေါင်တို့ပတ် ၂ ကြိမ်စစ်ရမည်

သြဂုတ် ၂၀ရက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ရန်ကုန်မြို့သို့ လာရောက်မည့်သူများအနေဖြင့် ကိုဗစ်ရောဂါ ရှိ၊ မရှိ အာခေါင် တို့ပတ် ၂ ကြိမ်စစ်ရမည့်အပြင် ရန်ကုန်၌ ကွာရန်တင်းဝင်ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအစီအစဉ်သည် သြဂုတ်လ ၂ဝ ရက်နေ့မှစတင်မည်ဖြစ်ကြောင်းလည်း ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်ကော်မတီဥက္ကဋ္ဌ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက မဇ္ဈိမကို ပြောသည်။

 “စစ်တွေမှ ရန်ကုန်သို့ လာရောက်ကြမည့်သူများ ရန်ကုန်တွင် Quarantine နေရပါမယ်။ Swab ၂ ခါယူရပါမယ်။ Hotel (သို့) Facility Quarantine ရွေးချယ်နိုင်မှာပါ။ ပြည်ထောင်စုကနေ ကျွန်တော်တို့ကို ညွှန်ကြားလာတာ။ အသေးစိတ်ညွှန်ကြားချက်ကတော့ မထွက်သေးဘူး။ ကျွန်တော်တို့ကို စစ်တွေကနေ လာတဲ့သူတွေကို ကွာရန်တင်းနဲ့ Swab ယူဖို့ပဲ အကြောင်းကြားသေးတယ်” ဟု ၎င်းက ပြောသည်။

 သြဂုတ်လ ၁၆ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့မှ လူနာအမှတ်(၃၇၅)ဖြစ်သည့် ဘဏ်ဝန်ထမ်းအမျိုးသမီးတစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး ပိုးတွေ့လူနာနှင့် ထိတွေ့မှုမရှိသလို ပြည်ပခရီးသွားရာဇဝင်မရှိသူဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းကူးစက်ခံရသူ မတွေ့ရှိရသည်မှာ တစ်လနီးပါးကြာပြီးနောက် ပထမဆုံးတွေ့ရှိခဲ့သူလည်း ဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာန၏ သြဂုတ်လ ၁၉ ရက်နေ့မနက်ပိုင်း ထုတ်ပြန်ချက်အရ ရောဂါပိုးထပ်မံတွေ့သည့် ရခိုင်ပြည်၊ စစ်တွေမြို့မှ လူနာအမှတ် (၃၇၇)၊(၃၇၈)၊(၃၇၉)တို့သည်လည်း ပြည်ပခရီးသွားရာဇဝင်မရှိသလို ရောဂါပိုးရှိလူနာဖြင့်လည်း ထိတွေ့မှုမရှိဘဲ COVID-19ရောဂါ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် သြဂုတ်လ ၂ဝ ရက်နေ့ မနက်ပိုင်းတွင်လည်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ကိုဗစ်ပိုးတွေ့လူနာ ၂ ဦးထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

၎င်းထပ်မံတွေ့ရှိသည့် လူနာအမှတ်(၃၉၅)မှာ COVID ပိုးတွေ့လူနာနှင့် ထိတွေ့မှုရှိခဲ့သူဖြစ်ပြီး လူနာအမှတ်(၃၉၆)မှာ ပြည်ပခရီးသွားရာဇဝင်ရော ပိုးတွေ့လူနာနှင့်ပါ ထိတွေ့မှုမရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဘယ်လိုကူးစက်ခံရမှန်း မသိရှိရသည့် ကိုဗစ်ပိုးတွေ့လူနာ ငါးဦး ရှိပြီဖြစ်သည်။

စစ်တွေမြို့မှ လူနာအမှတ်(၃၇၈)ဖြင့် ထိတွေ့မှုရှိခဲ့သည့် ရန်ကုန်မြို့ ၊မြောက်ဥက္ကလာပမြို့နယ်မှ အမျိုးသားတစ်ဦး၊ အမျိုးသမီး ၁၄ ဦး စုစုပေါင်း ၁၅ ဦးကိုလည်း သြဂုတ်လ ၂ဝ ရက်နေ့ မနက်ပိုင်းက မြောက်ဥက္ကလာပမြို့နယ်၊ ခေမာကျောင်းလမ်းရှိ ကွာရန်တင်းစင်တာသို့ ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် COVID-19 ရောဂါ ဒုတိယလှိုင်းဖြစ်လာနိုင်သည့်အပေါ် ရှောင်လွှဲနိုင်ရေးအတွက် လိုက်နာ ရမည့် အချက်များကိုလည်း ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly