မောရစ်ရှ ကမ်းလွန်၌ ရေနံယိုဖိတ်မှုအတွက် ဂျပန်သင်္ဘောကပ္ပတိန်ကို ဖမ်းဆီး 

မောရစ်ရှ ကမ်းလွန်၌ ရေနံယိုဖိတ်မှုအတွက် ဂျပန်သင်္ဘောကပ္ပတိန်ကို ဖမ်းဆီး 

သြဂုတ် ၁၉

မောရစ်ရှကမ်းလွန်တွင် သောင်တင်နေပြီး အိန္ဒိယသမုဒ္ဒရာအတွင်းသို့ ရေနံ တန်ချိန် ၁၀၀၀ ခန့် ယိုဖိတ်စေခဲ့သည့် ဂျပန်သင်္ဘောမှ ကပ္ပတိန်ဖြစ်သူ ဖမ်းဆီးခံရကြောင်း ယင်းသင်္ဘောပိုင်ရှင် ကုမ္ပဏီမှ ရှေ့နေတစ်ဦးက Nikkei သို့ အင်္ဂါနေ့တွင် ပြောသည်။ 

ကပ္ပတိန်ဖြစ်သည့် အသက် ၅၈ နှစ်အရွယ် အိန္ဒိယနိုင်ငံသား ဆူနီကူးမားကို ဘေးကင်းသော ရေကြောင်းသွားလာမှုကို အန္တရာယ်ဖြစ်စေမှုဖြင့် စွဲချက်တင်ထားခြင်း ဖြစ်သည်။ 

မြို့တော် ပို့လူးဝစ်က ခရိုင်တရားရုံးတစ်ရုံးတွင် ၎င်းအား အမှုစစ်သည်ဟု ဘီဘီစီသတင်းတစ်ရပ်က ဆိုထားသော်လည်း ၎င်းသည် အမှားကျုးလွန်ခဲ့ခြင်း ရှိမရှိကို သေချာရှင်းလင်းစွာ မသိရပေ။ 

နာဂါရှီကီသင်္ဘောကုမ္ပဏီက ပိုင်ဆိုင်သည့် Wakashio သင်္ဘောသည် ဇူလိုင်နှောင်းပိုင်းက မောရစ်ရှကမ်းလွန် သန္တာကျောက်တန်းတွင် သောင်တင်နေခဲ့ခြင်း ဖြစ်သည်။ 

ထိုမတော်တဆမှုကြောင့် လောင်စာဆီတိုင်ကီ ပျက်စီးမှုဖြစ်ပြီး သင်္ဘောမှ ရေနံတန်ချိန် ၄၀၀၀ ခန့်တွင် တန်ချိန် ၁၀၀၀ ကျော်က သမုဒ္ဒရာအတွင်း ယိုဖိတ်ခဲ့ခြင်း ဖြစ်သည်။ 

သင်္ဘောအမှုထမ်းများကိုလည်း ဌာနေရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးခဲ့သည်။ မတော်တဆမှု ဖြစ်သည့်ရက်က သင်္ဘောပေါ်တွင် မွေးနေ့ပါတီ ကျင်းပနေသည်ဟုလည်း သိရသည်။ 

သင်္ဘောကုမ္ပဏီကမူ ကပ္ပတိန်ဖြစ်သူ ဖမ်းဆီးခံရထားရသည်နှင့် ပတ်သက်ပြီး အသေးစိတ် မသိရှိကြောင်း ပြောသည်။ 

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များ အပါအဝင် ပညာရှင်အဖွဲ့ ရောက်ရှိလာပြီး သုတေသနပြုလျက်ရှိကာ ယိုဖိတ်ရေနံများ သန့်ရှင်းရေးကို အကြံဉာဏ်ပေးလျက် ရှိသည်။ 

ယိုဖိတ်သည့် ရေနံတော်တော်များများကို ပြန်လည်ခပ်ထုတ်ပြီးဖြစ်ကြောင်း ပညာရှင်များက အင်္ဂါနေ့တွင် ပြောသည်။ 

ရေနံများ မပြန့်နှံ့အောင် အတားအဆီးများ ချရာတွင် ကူညီပေးရန် ပြင်သစ်မှလည်း ၎င်းပိုင် Reunion ဒေသမှ စစ်မှုထမ်းများကို မောရစ်ရှသို့ စေလွှတ်ထားသည်။ 

သို့ရာတွင် မောရစ်ရှ၏ စိမ့်မြေအနေအထားနှင့် လမုတောများကြောင့် ရေနံများ ဖယ်ရှားရေးမှာ အတော်လေး အခက်တွေ့လျက် ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly