သြဂုတ် ၁၈
နာမည်ကြီး အမေရိကန်ဘတ်စကက်ဘောကစားသမား မိုက်ကယ်ဂျော်ဒန် ဝတ်ဆင်ကစားခဲ့သည့် Nikes ဖိနပ်တစ်ရန်ကို ကန်ဒေါ်လာ ၆၁၅,၀၀၀ ဖြင့် လေလံတင်ရောင်းချခဲ့ရပြီး ယင်းသည် လေလံပွဲတစ်ခု၌ ရောင်းချခဲ့ရသမျှ ဖိနပ်များထဲတွင် စျေးအကြီးဆုံးဆိုသည့် စံချိန်မှတ်တမ်းကိုပါ ရရှိခဲ့ကြောင်း သိရသည်။
မိုက်ကယ်ဂျော်ဒန် အမှတ်တရ လက်မှတ်ထိုးထားသည့် အဆိုပါ Nike Air Jordan 1 ဖိနပ်သည် အဆိုပါ ဘတ်စကက်ဘောကစားသမား ၁၉၈၅ ခုနှစ်က အီတလီတွင် ကစားခဲ့သည့် ပွဲစဉ်တစ်ပွဲ၌ စီးခဲ့သည့် ဖိနပ်ဖြစ်ကြောင်း လေလံကုမ္ပဏီ Christie’s က ထုတ်ပြန်သည်။
စိတ်ဝင်စားစရာကောင်းသည်က ယင်းဖိနပ်၏ဘယ်ဘက် ဖိနပ် အောက်ခုံတွင် မှန်ကွဲစတစ်ခု စူးဝင်နေဆဲဖြစ်ကြောင်း သိရသည်။
ယင်းဖိနပ်သည် မိုက်ကယ်ဂျော်ဒန်၏ အသုံးအဆောင်ပစ္စည်းများအနက် မည်သည်နှင့်မှ မတူသည့် အထူးခြားဆုံး ပစ္စည်းတစ်ခုဖြစ်ကြောင်း Christie’s က ထုတ်ဖော်ခဲ့သည်။
သို့သော် ယင်းသည် လေလံပွဲမတိုင်ခင် ခန့်မှန်းထားခဲ့သည့် ကန်ဒေါ်လာ ၆၅၀,၀၀၀ နှင့် ဒေါ်လာ ၈၅၀,၀၀၀ အကြားပမာဏကို မမှီခဲ့ဟု သိရသည်။
အဆိုပါ ဖိနပ်သည် မိုက်ကယ် ဂျော်ဒန် Chicago Bulls ကစားသမားဘဝက သုံးခဲ့သည့် ဖိနပ်များကို အွန်လိုင်းလေလံတင်ရာတွင် ပါဝင်ခဲ့သည့် ဖိနပ်လည်း ဖြစ်သည်။
နှစ်ပတ်ကြာ ပြုလုပ်ခဲ့သည့် လေလံပွဲကာလအတွင်း လေလံတင်ပစ္စည်း အတွဲပေါင်း ကိုးခုအတွက် ကန်ဒေါ်လာ ၉၃၁,၈၇၅ ဖြင့် ရောင်းချနိုင်ခဲ့ပြီး လေလံပစ္စည်း အတွဲနှစ်ခုသာ ရောင်းမထွက်ခဲ့ကြောင်း Christie’s က ပြောသည်။