အမေရိကန်ဒေါ်လာ ၁၀ ၀၀၀ ကွာဒရီလီယံတန်ဖိုးရှိ ဂြိုဟ်သိမ်ကို လေ့လာမည့် Psyche အာကာသယာဉ်

By News 18
18 August 2020
အမေရိကန်ဒေါ်လာ ၁၀ ၀၀၀ ကွာဒရီလီယံတန်ဖိုးရှိ ဂြိုဟ်သိမ်ကို လေ့လာမည့် Psyche အာကာသယာဉ်

ဩဂုတ် ၁၈  

လူသားများသည် အာကာသအတွင်း မတူးဖော်ရသေးသော အဖိုးတန်သတ္တုအများအပြားအကြောင်းကို နှစ်ပေါင်းများစွာ စူးစမ်းလေ့လာနေခဲ့ကြပြီး ခန့်မှန်းတွက်ချက်ကြသည်။ ရွှေ၊ ပလက်တီနမ်၊ ဂြိုဟ်သိမ်များအတွင်း နစ်မြုပ်နေသောစိန်နှင့် အာကာသအတွင်းရှိအပျက်အစီး အပိုင်းအစ ကဲ့သို‌သော အရာဝတ္ထုများသည် ဒေါ်လာဘီလီယံပေါင်းများစွာတန်ဖိုးရှိသည်ဟု သိပ္ပံပညာရှင်များက ဆိုသည်။ ယခုအခါ လူသားများသည် ထိုကြွယ်ဝမှု အချို့ကို တူးဖော်ရန် ရှေ့တစ်လှမ်းတိုးကာ လုပ်ဆောင်နေပုံရသည်။  

16 Psyche ဟုခေါ်သည့် ဂြိုဟ်သိမ်ကိုလေ့လာရန်ဖန်တီးခဲ့သော  နာဆာ၏နောက်ဆုံးမစ်ရှင် Psyche အာကာသယာဉ်သည် မကြာသေးမီက ၎င်း၏ အရေးကြီးသော ဒီဇိုင်းအဆင့်ကို ပြီးမြောက်သွားပြီဖြစ်သည်။  

၂၂၆ ကီလိုမီတာ အချင်းရှိသောဂြိုဟ်သိမ်သည် အင်္ဂါဂြိုဟ်နှင့်ဂျူပီတာအကြား နေအဖွဲ့အစည်း၏ အဓိကဂြိုဟ်သိမ်ပတ်လမ်းကြောင်း၌ တည်ရှိသည်။ ဤထူးခြားသောဂြိုဟ်သိမ်သည် အဘယ်ကြောင့် သိပ္ပံပညာရှင်များအတွက် စိတ်ဝင်စားစရာဖြစ်နေသနည်း။ အဆိုပါဂြိုဟ်သိမ်တွင် ကမ္ဘာ့စီးပွားရေးတစ်ခုလုံး၏စုစုပေါင်းတန်ဖိုးထက်ပင်ပိုနိုင်သည့် ကြွယ်ဝမှုများ ရှိနေပေသည်။  

ကျွမ်းကျင်ပညာရှင်များ၏အဆိုအရ အဆိုပါဂြိုဟ်သိမ်တစ်ခုလုံးကို နီကယ်နှင့် သံသတ္ထုစပ်များဖြင့် ဖွဲ့စည်းထားပြီး ဗဟိုချက်၌ ရွှေအစိုင်အခဲရှိနေသည်ဟုသိရသည်။ ခန့်မှန်းခြေအားဖြင့် ဂြိုဟ်သိမ်၏တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁၀ ၀၀၀ ကွာဒရီလီယံ နီးပါးခန့်ရှိသည်။ ထိုတန်ဖိုးသည် ကမ္ဘာပေါ်ရှိလူသားအားလုံးကို သန်းကြွယ်သူဌေးဖြစ်စေရန် လုံလောက်သည့်ပမာဏပင်ဖြစ်သည်။

သို့သော် ထိုလေ့လာရေးယာဉ်မှာ ကမ္ဘာဖြစ်ပေါ်လာခြင်းကို ပိုမိုသိရှိစေရန်အလို့ငှာ 16 Psyche ဂြိုဟ်သိမ်ကို စူးစမ်းရန်ဖြစ်သည်ဟု နာဆာက ပြောသည်။  

“ကမ္ဘာ့အလယ်ဗဟိုကို အနီးကပ်မလေ့လာနိုင်တဲ့အတွက်ကြောင့် Psyche ဂြိုဟ်သိမ် (အချင်းမိုင် ၁၄၀/ ၂၂၆ ကီလိုမီတာ) ကိုလေ့လာခြင်းအားဖြင့် ကမ္ဘာမြေကြီးနဲ့တခြားအရာတွေ ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတဲ့ အဖိုးတန်တဲ့ သိမြင်မှုတွေ ရလာမှာပါ” ဟု နာဆာက ဇူလိုင်လတွင် ပြောကြားခဲ့သည်။

ထိုသို့ဖြစ်စေရန် အာကာသအေဂျင်စီသည် 'Psyche' ဟုခေါ်သော အာကာသယာဉ်ကို တီထွင်ခဲ့ပြီး  'Psyche' က ဂြိုဟ်သိမ်၏မြေမျက်နှာသွင်ပြင်နှင့်ဖွဲ့စည်းပုံဆိုင်ရာ ရုပ်ပုံများနှင့် အချက်အလက်များကိုဖမ်းယူနိုင်မည်ဖြစ်ပြီး ၎င်း၏ သံလိုက်စက်ကွင်းကိုလည်း လေ့လာနိုင်မည်ဖြစ်သည်။

ယခင်အစီရင်ခံချက်များအရ နာဆာသည် မစ်ရှင်ပူးပေါင်းလုပ်ဆောင်ရန် Elon Musk ၏  SpaceX မစ်ရှင်နှင့် ပူးပေါင်းခဲ့သည်။ အားလုံးအဆင်ပြေမည်ဆိုပါက NASA / SpaceX မစ်ရှင်သည် ၂၀၂၂ ခုနှစ်တွင် ဂြိုဟ်သိမ်သို့ ခရီးရှည်ထွက်ခွါရန် အသင့်အနေအထားဖြစ်နေပေလိမ့်မည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly