မျှော်လင့်ချက် မဲ့ရတော့မှာလား ဖက်ဒရယ်ရေ

မျှော်လင့်ချက် မဲ့ရတော့မှာလား ဖက်ဒရယ်ရေ
ပုံ- UPDJC ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (NRPC)

သြဂုတ် ၁၈

မနေ့(သြဂုတ် ၁၇ ရက်)က ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)အစည်းအဝေးကို နေပြည်တော်မှာ ကျင်းပခဲ့ကြသည်။ထိုအစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်နှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်တင့်ဆွေတို့ ကိုယ်တိုင် တက်ရောက်ခဲ့ကြသည်။

UPDJC အစည်းအဝေးသည် နိုင်ငံရေး ဆွေးနွေးပွဲများအတွက် လွန်စွာ အရေးကြီးသည့် အစည်းအဝေး တစ်ရပ် ဖြစ်ပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဘုံသဘောတူညီချက်များ ရရှိအောင် ဆောင်ချဉ်းပေးသည့် အစည်းအဝေးဖြစ်သည်။

ပုံ - ၂၁ ရာစု ပင်လုံ အစည်းအဝေးမှာ မိန့်ခွန်းပြောမည့် လက်နက်ကိုင် ၁၀ ဖွဲ့၏ ယာယီခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်(NRPC)

အလားတူ ၂၁ ရာစု ပင်လုံ အစည်းအဝေးများ ကျင်းပနိုင်ရေးနှင့် ထိုပင်လုံ အစည်းအဝေး များတွင် ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်းများ ချုပ်ဆိုနိုင်ရေးကိုလည်း အဓိက ဆောင်ချဉ်းပေး သည်။

ထို့ကြောင့် UPDJC အစည်းအဝေး ကျင်းပသည့်အခါ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နေသူများနှင့် ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်ကို တစ်စိုက်မတ်မတ် လေ့လာစောင့်ကြည့်နေသူများက မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ ဆက်နိုင်ခဲ့ပြီးဟုဆိုကာ ဝမ်းသာခဲ့ကြသည်။

သို့သော် သြဂုတ် ၁၇ ရက်နေ့က UPDJC အစည်းအဝေး အတွင်းမှာ ဖြစ်တည်ခဲ့သော အကြောင်းအရာ တချို့ ကြောင့် စိတ်မကောင်း ဖြစ်သူများ ရှိခဲ့ကြသလို မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်နလန်ထစ ပြန်လဲကျသွားမည်ကို စိုးရိမ်နေသူများလည်း ရှိလာကြသည်။

အဘယ်ကြောင့်ဆိုသော် UPDJC အစည်းအဝေးတွင် စိတ်အနှောင့်အယှက်ဖြစ်စေသည့် အခြေအနေ လေးရပ် လောက် ဖြစ်ပွားခဲ့သည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်နေသူများထံက ပြန်လည် ကြားသိရပါသည်။
ပထမ တစ်ချက်မှာ ချင်းအမျိုးသားတပ်ဦး(CNF)ဒုဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း ပြောသည့် မိန့်ခွန်းပါ ပြည်နယ်အခြေခံဥပဒေပြဋ္ဌာန်းချက်ကိစ္စ၊ ဒုတိယ တစ်ချက်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မိန့်ခွန်းပြောပြီးနောက် UPDJC အစည်းအဝေး အပြီးထိရှိမနေခဲ့ဘဲ ပြန်လည် ထွက်ခွာသွားသည့်ကိစ္စတို့ ဖြစ်သည်။

ထို့နောက် တတိယအချက်မှာ အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်တင့်ဆွေသည် ဒေါ်အောင်ဆန်းစု ကြည် ပြန်သွားပြီးနောက် မကြာခင် ပြန်သွားခဲ့သလို ၂၁ ရာစု ပင်လုံ အစည်းအဝေး ဖွင့်ပွဲကို အစိုးရက လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ပြောကြားသည့် ကိစ္စ၊ စတုတ္ထအချက်မှာ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ၂၁ ရာစု ပင်လုံ အစည်းအဝေးတွင် မိန့်ခွန်းပြောသည့်အခါ ရှမ်းစကားဖြင့် ပြောခွင့်မပေးသည့်ကိစ္စတို့ ဖြစ်သည်။

အဆိုပါ အချက် လေးချက်သည် တစ်နိုင်ငံလုံးအပစ်အခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ပျက် မလိုဖြစ်နေခြင်းကို ဆက်လက်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အား သွန်ခွန်စိုက် ကြိုးစားခဲ့သော NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ညှိနှိုင်းရေး ကိုယ်စားလှယ်များ အတွက် စိတ်ပျက် စရာများဖြစ် ပေါ်စေခဲ့သည်။

ပုံ - ၂၀၂၀ ပြည့်နှစ်၊ သြဂုတ် ၁၇ ရက်က UPDJC အစည်းအဝေး ကျင်းပနေစဉ်(NRPC)

ထို့ပြင် အစိုးရနှင့်တပ်မတော်သည် ဖက်ဒရယ်ကို လက်ခံပါသည်ဟု ပြောထားသည့်တိုင် ဖက်ဒရယ်စနစ်အရ လမ်းဖွင့်ပေးသင့်သော အရေးကိစ္စများကို ပြန်လည် ပိတ်ပင်နေခြင်းက ဖက်ဒရယ်ကို လက်မခံသကဲ့သို့ ဖြစ် သွားစေကာ ကျဆင်းနေသော ယုံကြည်မှုများ ပိုမို ကျဆင်းသွားနိုင်ပါသည်။

အဘယ်ကြောင့်ဆိုသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရပ်ဆိုင်းနေသော ငြိမ်းချမ်းရေးကို ပြန်လည် အသက်သွင်းရန် ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ခြင်းနောက် ဖြစ်တည်လာသော UPDJC အစည်းအဝေးကို ပြီးစီးသည့်အထိ အစည်းအဝေးတက်ရောက်ခြင်းမရှိဘဲ မိန့်ခွန်းပြော၍ ပြန်လည် ထွက်ခွာသွား ခြင်းက ငြိမ်းချမ်းရေးကို တကယ်ရော လိုလိုလားလားရှိရဲ့လားဆိုသည့် အမြင်မျိုး တိုင်းရင်းသားများ ဖက်က မြင် သွားနိုင်ပါသည်။

‌နောက်ဆက်တွဲ အနေဖြင့်  ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေသည့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)၏ လက်အောက်ရှိ ငြိမ်းချမ်းရေးကော်မရှင်(PC)မှ ကိုယ်စား လှယ်များအပေါ် ကိုလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ယုံကြည်မှု ကျဆင်းသွားနိုင်သလို မျက်နှာပျက်စရာများ ဖြစ်ပေါ်စေနိုင်သည်။

UPDJC ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က “ UPDJC ၏ အဓိက တာဝန်သည် NCA စာချုပ်အရ အကောင် အထည်ဖော် ဆောင်ရွက်နေသော နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်ကို ဦးဆောင်လမ်းညွှန်ကြီးကြပ်ရန် ဖြစ် ပါတယ်၊  ယင်းနိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်၏ အဓိက ဦးတည်ချက်သည် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ ကို အခြေခံသည့် ပြည်ထောင်စုကြီးကို နိုင်ငံရေး ဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားရန်ဆိုသည့် အချက်ဖြစ်ပါတယ်”ဟု ဆိုသည်။

ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က “ ယင်းဦးတည်ချက်နှင့်အတူ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် လိုအပ်နေသော ဒီမိုကရေစီအခြေခံမူများနှင့်ဖက်ဒရယ် အခြေခံမူများဖော်ထုတ်ရေးသည် မိမိတို့ UPDJC ၏ တာဝန်ဖြစ်ပါတယ်”ဟု သြဂုတ် ၁၇ ရက်က UPDJC အစည်းအဝေးမှာ မိန့်ခွန်းပြောသွားခဲ့သည်။

ဤကဲ့သို့ အရေးပါ အရာရောက်သည့် UPDJC အစည်းအဝေးတွင်  ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အစည်းအဝေး ပြီးသည့်အထိ မတက် ရောက်ခဲ့ပြီး မိန့်ခွန်းပြောပြန်သွားခြင်းသည် ငြိမ်းချမ်းရေးကို လိုချင်ပါသည်ဟု ပြောနေသည့်တိုင် လက်တွေ့ လုပ်ဆောင်မှုများက ဆန့်ကျင်ဖက်ကို သွားနေသလားဆိုသော အမြင်များ မြင်သွားနိုင်သလို မေးခွန်းထုတ်မှု များ ရှိလာခဲ့မည်။
တချို့ကတော့ ဒေါ်အောင်ဆန်းစုကြည်သည် ယခင် UPDJC အစည်းအဝေးများတုန်းကလည်း ယခုလို ပြန်သွားလေ့ရှိကြောင်း၊ တခြားသော အလုပ်ကိစ္စများ ရှိနေသည့်အတွက် ယခင်တုန်း ကကဲ့သို့ ပြန်သွားခြင်း ဖြစ်နိုင်ကြောင်း ဆိုကြသည်။

ထိုသို့ဆိုလျှင် UPDJC ၏ အခန်းကဏ္ဍသည် မည်မျှ အရေးကြီးသလို တာဝန်ကြီးကြောင်းကို ဒေါ်အောင်ဆန်းစု ကြည် ကိုယ်တိုင် အထက်ပါအတိုင်း ပြောခဲ့သလို သြဂုတ် ၁၇ ရက် ကျင်းပခဲ့သော UPDJC အစည်းအဝေးသည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလကစပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ရပ်ဆိုင်းသွားခြင်းကို ပြန်လည် အသက်သွင်းနိုင် ရန် ခက်ခက်ခဲခဲ ကြိုးပမ်းထားခြင်းမှ ဖြစ်တည်လာသော UPDJC အစည်းအဝေးဖြစ်သည့်အတွက် အလေးထား မပါဝင်သင့်ဘူးလား မေးခွန်းထုတ်စရာရှိပါသည်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြန်သွားသည့်တိုင် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဦးကျော်တင့်ဆွေ အနေဖြင့် UPDJC တွင် ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့်အတွက် အစည်းအဝေးကို ပြီးဆုံးသည့်ထိ တက်ရောက်ခဲ့မည်ဆိုလျှင်လည်း တစ်မျိုး တစ်ဖုံးပြောင်းလဲနိုင်ပါ သည်။

ထိုသို့မဟုတ်ဘဲ ဝန်ကြီး ဦးကျော်တင့်ဆွေသည်လည်း အစည်းအဝေး ပြီးသည့်တိုင် မတက်ရောက်ဘဲ ပြန်လည် ထွက်ခွာသွားခဲ့သလို သြဂုတ် ၁၉ ရက်မှ ၂၁ ရက်ထိ ကျင်းပမည့် ၂၁ ရာစု ပင်လုံ အစည်းအဝေး ဖွင့်ပွဲကို အစိုးရ က တာဝန်ယူ လုပ်ခြင်းဖြစ်ကြောင်း ပြောခဲ့သည်ဟု ဆိုကြသည်။

ဤပြောကြားချက်အရဆိုလျှင် ၂၁ ရာစု ပင်လုံ အစည်းအဝေးသည် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အတူတူ လက်တွဲ ဆောင်ရွက်ခြင်း မဟုတ်ဘူးလား၊ ယနေ့ အားလုံး ဝိုင်းဝန်း ကြိုးပမ်းနေသော ငြိမ်းချမ်းရေး ဖြစ်စဉ်ကြီးသည်လည်း အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အားလုံး ပိုင်ဆိုင်သည့် ငြိမ်းချမ်းရေး ဖြစ်စဉ်ကြီး မဟုတ်ဘူးလား၊  တစ်ဦး (သို့) တစ်ဖွဲ့တည်းကသာ ပိုင်ဆိုင်ခြင်းလား စသဖြင့် မေးခွန်းများ ရှိလာမည်။

သြဂုတ် ၁၇ ရက်နေ့က ကျင်းပခဲ့သော UPDJC အစည်းအဝေး ဖြစ်မြောက်ရန်အတွက် NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် (၁၀)ဖွဲ့နှင့် အစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့တို့ကြား မည် ကဲ့သို့ ခက်ခက်ခဲခဲ ကြိုးပမ်းထားရသလဲဆိုခြင်းမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်နေသူများနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စောင့်ကြည့် လေ့လာနေသူများက အသိဆုံးပင်ဖြစ်ပါသည်။

ဤသို့ ခက်ခက်ခဲခဲ ကြိုးပမ်းလာခဲ့ပြီ ဖြစ်တည်လာသည့် UPDJC အစည်းအဝေးတွင် အထက်ပါ အခြေအနေများ ဖြစ်ပွားခဲ့ခြင်းက အစိုးရ၏ ငြိမ်းချမ်းရေး လိုလာသည်ဆိုသည့် ရပ်တည်ချက်အပေါ်မှာ လည်း မေးခွန်းထုတ် စရာများ ဖြစ်လာနိုင်ပါသည်။

ပုံ - ၂၀၁၆ ခုနှစ်က ကျင်းပခဲ့သော ၂၁ ရာစု ပင်လုံ အစည်းအဝေး  (Mizzima)

မည်သို့ပင်ဆိုစေကာမူ နောက်ထပ် အငြင်းပွားစရာ တစ်ခုရှိနေပြန်သည်။ထိုအငြင်းပွားမှုသည် ဖက်ဒရယ်ကို လက်ခံပါသည်ဆိုသည့်တိုင် ဖက်ဒရယ်၏ အနှစ်သာရအပေါ် နားလည်မှု အားနည်းနေသည်ဟုပင်ဆိုရမလို ဖြစ်နေသည်။

ထိုအငြင်းပွားမှုမှာ တခြားမဟုတ်ပါ သြဂုတ် ၁၉ ရက်မှ ၂၁ ရက်ထိ ကျင်းပမည့် စတုတ္ထအကြိမ်မြောက် ၂၁ ရာစု ပင်လုံ အစည်းအဝေး ဖွင့်ပွဲတွင် မိန့်ခွန်းပြောမည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်အား ရှမ်းဘာသာ စကားဖြင့် မိန့်ခွန်းပြောကြားခွင့် မပြုခြင်းကိစ္စဖြစ်သည်။

UPDJC အစည်းအဝေး တက်ရောက်ခဲ့သူ တစ်ဦးက “ ဗိုလ်ချုပ်ကြီး ယွက်စစ်က ရှမ်းလို မိန့်ခွန်းပြောမယ်၊ သူပြောတဲ့ မိန့်ခွန်းကို ဗမာလို ဘာသာပြန်ပေးမယ်၊ အဲဒီ ဘာသာပြန်ထားတဲ့ စာရွက်ကိုလည်း ဝေထားမယ်ပေါ့၊ ဒါပေမယ့် အစိုးရဘက်က ဗမာလိုပဲ ပြောစေချင်နေတယ် ၊ ရှမ်းလို ပေးပြောလိုက်တော့ ဘာဖြစ်မှာမလို့လဲ။ ဒါဆို ဖက်ဒရယ်ကို လက်ခံတယ်ပြောပြီးတော့ ဖက်ဒရယ် အနှစ်သာရအရ ဒါကို ပေးမပြောနိုင်ဘူးဆိုရင် ဖက်ဒရယ် လမ်းကြောင်းကို ပိတ်နေသလို မဖြစ်သွားဘူးလား”ဟု ပြောသည်။

အမှန်တကယ်ဆိုလျှင် အစိုးရအနေဖြင့် ဖက်ဒရယ်ကို လက်ခံသည်ဟု ပြောထားသည့်အတိုင်း လက်ခံပါက ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ကို သြဂုတ် ၁၉ ရက်မှ ၂၁ ရက်ထိ ကျင်းပမည့် စတုတ္ထအကြိမ်မြောက် ၂၁ ရာစု ပင်လုံ အစည်းအဝေးတွင် ရှမ်းစကားဖြင့်  မိန့်ခွန်း ပြောခွင့် ပေးသင့်သည်။

ဤသို့မဟုတ်ဘဲ ရှမ်းလက်နက်ကိုင် ခေါင်းဆောင်ကို ရှမ်းစကားဖြင့် မိန့်ခွန်းပြောမည့်အပေါ် ပိတ်ပင်ပါက ဖက်ဒရယ်ကို လက်ခံပါသည်ဟု ပြောနေသော အစိုးရအား မေးခွန်းထုတ်မှုများ ရှိလာနိုင်ပါသည်။ထို့ကြောင့် ဖက်ဒရယ်ကို လက်ခံပါက ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအရ ရှမ်းစကားဖြင့် မိန့်ခွန်းပြောမည့် အပေါ် လမ်းဖွင့် ပေးသင့်ပါသည်။

ထိုသို့ လမ်းကြောင်း ဖွင့်ပေးခြင်းအားဖြင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို ပိုမို မြန်ဆန်စွာ သွား ရောက်နိုင်မည်ဖြစ်သကဲ့သို့ လာမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ်လည်း ယုံကြည်မှုများ ပြန်လည် ရရှိ လာနိုင်ပါသည်။

သို့မဟုတ်ပါက NCA မထိုးနိုင်ဘဲ ကျန်နေသည့် တခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများကလည်း ပိုမို ခက်ခဲလာနိုင်ပါသည်။အလားတူ မယုံကြည်မှုများကနေတဆင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး မျှော်လင့်ချက်များ မဲ့သွားစေနိုင်ပါသည်။

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး မျှော်လင့်ချက်များ မဲ့လာပါက ဖက်ဒရယ်ထက် ပိုမိုသော စနစ်မျိုး ကို တောင်းဆိုလာကြမည်ဆိုလျှင် မြန်မာပြည်၏ ငြိမ်းချမ်းရေးသည်လည်း မျှော်လင့်ချက် မဲ့သွားနိုင်သလို ဖက်ဒရယ်မျှော်လင့်ချက်သည်လည်း လုံးဝ မဲ့သွားနိုင်ပါသည်။

ဆွစ်ဇာလန်နိုင်ငံတွင် ဖက်ဒရယ်ပြည်ထောင်စုစနစ်အရ လွှတ်တော်နှင့် အစိုးရအဖွဲ့ အစည်းအဝေးများတွင် မိမိ နှစ်သက်သည့် ဘာသာစကား(ဂျာမန်၊ ပြင်သစ်၊ အီတလီစကားများ ပြောကြ)ဖြင့် မိန့်ခွန်းပြောခြင်း၊ ဆွေးနွေး ခြင်းများကို လမ်းဖွင့်ပေးထားသည်။ ထိုသို့ ပြောဆိုနိုင်ရန်အတွက်လည်း ဘာသာပြန်များကိုပင် ထားပေးထား သည်။

မြန်မာနိုင်ငံတွင် ဖက်ဒရယ်ကို လက်ခံသည်ဟု ပြောနေသည့်တိုင် ၂၁ ရာစု ပင်လုံ အစည်းအဝေးတွင် ရှမ်းခေါင်းဆောင်တစ်ဦးက မိခင် ရှမ်းဘာသာစကားဖြင့် မိန့်ခွန်းပြောမည့်အပေါ် ခွင့်ပြုရန် ဝန်လေးနေခြင်းနှင့် ခွင့်မပြုဘဲ ဗမာစကားဖြင့် ပြောရန်သာ ကြိုးပမ်းခဲ့မည်ဆိုပါက ဗမာတိုင်းရင်းသားများကို ဗမာမဟုတ်သော တိုင်းရင်းသားများ စွပ်စွဲနေသည့် ဗမာလူမျိုးကြီး ကျင့်သုံးသည်ဆိုသော အချက်မှာ ကိုက်ညီသွားပေလိမ့်မည်။

ထို့ပြင် ဗမာတိုင်းရင်းသား ခေါင်းဆောင်များသည် ဖက်ဒရယ်ကို လက်ခံသည်၊ ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်မည်ဟု ပြောနေသည့်တိုင် ဖက်ဒရယ်စနစ်၏ အနှစ်သာရနှင့် ဖက်ဒရယ်ပြည်ထောင်စုအရ ရသင့် ရထိုက်သော အခွင့်အရေးများ တကယ့် လက်တွေ့မှာ မဖော်ဆောင်နိုင်ဘူးဟု မှတ်ယူသွားနိုင်ပါသည်။

ထို့ကြောင့် ပညာရှိသတိဖြစ်ခဲဆိုသကဲ့သို့ အချိန်မလွန်ခင်  ပြန်လည် ထိန်းညှိနိုင်ပါစေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required